"မမဟေဇာ ၃၈ ဖြာမင်္ဂလာရလို့လား"

"မမဟေဇာ ၃၈ ဖြာမင်္ဂလာရလို့လား"

အခုတလော ကျုပ်မိတ်ဆွေကြီး ကိုဘုန်း ကျန်းမာရေးမှကောင်းပါ၏လောဟု အတွေးရောက်နေမိတယ်။မိုးကဆက်နေလေတော့ ကျုပ်မိတ်ဆွေ အညာသားကြီးဖျားနေပြီလား မဆိုနိူင်ဘူးဗျို့။ မိတ်ဆွေတို့ရဲ့ကျင့်ဝတ်နဲ့အညီကျုပ်မိတ်ဆွေကြီးကို သတင်းမေးသွားဖို့ သူ့အိမ်ဘက်ထွက်လာခဲ့မိတယ်။ ဝါခေါင်မိုးကားတဖွဲဖွဲရွာမစဲ။

 

မိတ်ဆွေကြီးအိမ်ရှေ့ရောက်တော့ ကျုပ်စိတ်ထဲ"ထိတ်ကနဲ"ဖြစ်ရလေတယ်။ ဘုရားရေ..ကျုပ်မိတ်ဆွေကြီးအိမ်သည်ကား ပိန်းပိတ်တိတ်ဆိတ်နေပါဘိ။ ရှိသမျှတံခါးအားလုံးပိတ်လျှက်ပါတကား။

 

ကျုပ်လည်းသူ့အိမ်ရှေ့ရောက်မှတော့ အိမ်ကိုပဲအသံပြုရတော့တာပလေ။ ဗျို့ ကိုဘုန်းကြီးဆိုမှ "ဗျာ"ဆိုပြီးအသံပြန်ပြုသဗျို့။ အိမ်ကအသံပြန်ပြုတာမဟုတ်ဘူးဗျ၊ အိမ်ထဲကအသံပြုတာက ကိုဘုန်း။ အသံပြုပြီးတံခါးလာဖွင့်ပေးသူ ကိုဘုန်းကြီးကိုမြင်မှကျုပ်လည်း "ဟူး" ချနိူင်တော့တယ်ဗျို့။ သူက စွပ်ကြယ်အင်္ကျီနဲ့ဆိုတော့နေကောင်းကျန်းမာ ရှိတာသေချာပြီကိုး။

 

ကျုပ်လည်း သူ့အိမ်ရောက်ရေနွေးလေးဘာလေးသောက်ရင်း စကားစမြည်​ထိုင်ပြောနေတာပေါ့လေ။ကျုပ်ပြောရတာနည်းပါတယ်၊ ကိုဘုန်းချည်းပြောနေတာပါပဲ။ နို့ပလင်းတေနာဆိုလားဘာဆိုလား မြန်မာပြည်ကိုလာသွားတဲ့အကြောင်းတွေ၊ အဲ့တေနာကို အခု ဝိုင်းဝန်းကန့်ကွက်ပြီး ရာထူးကဖယ်ရှားပေးဖို့တောင်းဆိုနေကြတယ်ဆိုလား ကိုဘုန်းကရှင်းပြနေတာလေ။ ကျုပ်က နိုလင်းဟေဇာ လုပ်ပါကိုဘုန်းကြီးရဆိုတော့၊ ကိုဘုန်းက ပြုံးဖြီးဖြီးနဲ့ လုပ်နေတယ်။ ကိုဘုန်းက နို့ပလင်းကရွှေရင်အေး လာရောင်းတာလား၊၃၈ ဖြာမင်္ဂလာ လာရွတ်ပြတာလားမသိဘူးဗျို့တဲ့လေ။ ဟိုတနေ့က ဖေ့စ်ဘုတ်ထဲမယ်တွေ့လိုက်တဲ့ ပို့စ်တခုလိုဖြစ်နေတယ်လေတဲ့။ နိုလင်းက ပထမငယ်လောက်ရောအောင်လို့လားတဲ့။ ကိုယ်တွေဆီက အဓိပတိတွေ ဂုရုဂုရုတွေတောင် ရေငုံနူတ်ပိတ်နေနေတာ၊ သူကလာပြီးတရားဟောနေလို့ရရိုးလားတဲ့ ဟားဟားဟား။

 

ကိုဘုန်းက သူ့စကားသူသဘောကျပြီးတဟားဟားနဲ့လေ။ သူက ကြာနီကန်တရားတပုဒ်ထဲက ရှင်ဥပဂုတ္တလိုမျိုး မာရ်နတ်လည်ပင်း ခါးပန်းကြိုးနဲ့ချည်ပေးပြီး ခွေးသေကောင်ပုပ်ဖြစ်သွားသလို လုပ်ပေးမှရတော့မယ့်အနေအထားရောက်နေတာကြီးကိုဗျာ၊ ကုလကြီးကလာပြီး ပန်းကုံးစွပ်ပေးနေသလိုပါပဲလို့ မှတ်ချက်ပေးနေလိုက်တာများ ဆရာကြီးတဆူလို အာဂကိုဘုန်းပါလေ။

 

ကျုပ်လည်းသူ့စကားပြတ်မှ ကျုပ်လာရင်းကိစ္စပြောရတော့တယ်။ ကိုဘုန်းကြီးရဲ့အိမ် အမြဲတန်းတံခါးတွေပိတ်နေလို့နေများမကောင်းလို့လား ဘာလားလို့ကျုပ်လာမေးတာဗျ။ ခင်ဗျားရဲ့နို့ပလင်းတေနာ တရားနာနေရတာနဲ့စကားကိုစမရဘူး ဆာဘုန်းရဲ့ဆိုတော့တဟဲဟဲလုပ်နေတယ်။ ပြီးမှသူ့အိမ်အကြောင်းပြောတော့တာကိုး။

 

ကိုဘုန်းရဲ့အိမ်တံခါးအဲဗားပိတ်ထားရတာ၊ ကြက်တွေကြောင့်ဆိုပဲ။ ကိုဘုန်းအိမ်မှာက တပိုင်တနိုင်မွေးမြူရေးအနေနဲ့ ကြက်တွေမွေးထားတာလေ။ ကြက်တွေကအရွယ်စုံဆိုဒ်စုံပဲ။ အဲဒါကြက်တွေက အစာဘယ်လောက်ကျွေးကျွေး တံခါးများဖွင့်ထားလို့ကတော့ အိမ်ပေါ်တက်ပြီးသားပဲတဲ့လေ။ ပထမတော့ ကြက်မောင်း ကျီးနှင်လုပ်နေသေးသတဲ့၊ နောက်တော့နိုင်ကိုမနိုင်တော့တဲ့ မနိုင်စိန်တွေဖြစ်လာပါရောတဲ့။

 

ကြက်ဆိုတဲ့သတ္တဝါက နေရာတကာသွား ကြုံရာစား ကြုံရာချီးပါတဲ့သောက်ကျင့်ရှိလေတော့၊ ဒင်းတို့များအိမ်ပေါ်တခါတက်ရင် သန့်ရှင်းရေးကလုပ်လို့မဆုံးတော့ဘူးဆိုပဲ။ အဆိုးဆုံးက ကိုဘုန်းအိမ်သာတက်နေတုန်းအိမ်ရှေ့တံခါးပိတ်ဖို့ မေ့သွားတဲ့နေ့ကအဖြစ်တဲ့လေ။ သူအိမ်သာကပြန်လာတော့ အိမ်ထဲမှာကြက်တွေဝင်နေမှန်းသိလို့ အသံပေးချောက်လန့်တာပေါ့တဲ့။ ကျန်တဲ့တံခါးတွေပိတ်ပြီးတံခါးမကြီးပဲ ဖွင့်ထားတာဆိုတော့ကြက်တွေလည်း ပြေးမိပြေးရာပြေးပေါ့။

 

ကိုဘုန်းလည်းစိတ်တော်တော်တိုပြီး အိမ်ထဲကိုတုတ်ကိုင်ဝင်သွားတာကိုး။ အိမ်ထဲရောက်မှကိုဘုန်း ဆုံးဖြတ်ရခက်တဲ့ပြဿနာနဲ့တိုးတော့တာပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကြက်က ကြောက်ကြောက်လန့်လန့်နဲ့ပျံတက်သွားတာ ဘုရားကျောင်းဆောင်ပေါ်ရောက်နေတာကိုး။ ကိုရွှေကြက်ကကြက်ပီပီပဲ ဘုရားဆွမ်းတော်တင်ကိုတောင်မှ ခပ်တည်တည်ဆွဲနေလိုက်သေးတယ်ဆိုပဲ။ ကိုဘုန်းလည်းစိတ်လိုက်မာန်ပါလုပ်ချလိုက်ရင် ဘုရားကျောင်းဆောင်ပျက်စီးမှာဆိုတော့၊ ကျန်တဲ့တံခါးတွေဖွင့်ပြီးမှကြက်ကို ချော့မော့မောင်းချရတော့တယ်ဆိုပဲ။ ဘယ်ကြက်လဲဗျဆိုတော့ စျေးထဲရောင်းလိုက်ပြီတဲ့လေ။ ကိုယ်မွေးထားတဲ့ကြက်ရိုက်မချက်ချင်ဘူးဗျာတဲ့လေ။

 

အဲဒီနောက်တော့ အိမ်မှာလူရှိရှိမရှိရှိတံခါးအားလုံး ပိတ်ထားလိုက်တော့တယ်ဗျို့တဲ့လေ။ နိူ့မဟုတ်ရင် တိရစ္ဆာန်ကဘာမှ သိတာမဟုတ်တော့၊ အကုန်ရှုပ်ကုန်ရောဆိုပဲ။ ဪ...အာဂ ကဘုန်းပါတကား။

 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10