ကနီမှာ NUG ခွင့်ပြုထားတဲ့ အကောက်ခွန်ဂိတ် ၅ ခုသာချန်ပြီး ငွေကောက်ခံနေတဲ့ဂိတ် ၂၀ နီးပါး ပိတ်သိမ်း

ကနီမှာ NUG ခွင့်ပြုထားတဲ့ အကောက်ခွန်ဂိတ် ၅ ခုသာချန်ပြီး ငွေကောက်ခံနေတဲ့ဂိတ် ၂၀ နီးပါး ပိတ်သိမ်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခွင့်ပြုထားတဲ့ အခွန်ကောက်ခံဂိတ် ၅ ဂိတ်သာချန်ပြီး တခြားငွေကောက်ခံနေတဲ့ ဂိတ် ၂၀ နီးပါးကို ပိတ်သိမ်းလိုက်ပြီလို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ဇန်နဝါရီ ၇ ရက်က ကနီမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အခွန်ကောက်ခံတဲ့ဂိတ်အားလုံးကို ငွေစာရင်း ကွာဟမှုတွေကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းထိန်းသိမ်းလိုက်တယ်လို့ မီဒီယာတွေမှာ ဖော််ပြခဲ့ကြပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီ ၈ ရက်မှာတော့ NUG ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ဂိတ်တွေကို ပိတ်သိမ်းဖို့ စတင်လုပ်ဆောင်ခဲ့ပြီး အခုလက်ရှိ ၁၈ ဂိတ်ကို ပိတ်သိမ်းထားကာ ရာနှုန်းပြည့် ပိတ်သိမ်းနိုင်ဖို့လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“တရားမဝင် အခွန်ကောက်ဂိတ် ၂၄ ဂိတ်ကို ၁၈ ဂိတ်လောက် ဖြုတ်သိမ်းပြီးပြီမို့ ၈၀% ပြီးပြီလို့ ခန့်မှန်းပြောတာပါ။ ကျန်ရှိနေတဲ့ တရားမဝင်ဂိတ် တာဝန်ရှိသူတွေကိုလည်း အကြောင်းကြားထားပြီး ဖြုတ်သိမ်း‌ပေးမယ်လို့လည်း သိထားရပါတယ်။ ဆက်လက်ဆောင်ရွက်နေပါတယ်။”လို့ ကနီမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။

ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်ခွင့်ပြုထားတဲ့ အခွန်ကောက်ခံဂိတ် ၄ ဂိတ်နဲ့ လုံခြုံရေး ဂိတ် ၁ ဂိတ်ရှိပြီး ခွင့်ပြုချက်မရှိဘဲ အခွန်ကောက်ခံနေတဲ့ ဂိတ်တွေကတော့ ၂၄ ဂိတ်ရှိတယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်မယ့် ကုန်းကြောင်း အခွန်ကောက်ခံဂိတ် ၃ ဂိတ်၊ ရေကြောင်း အခွန်ကောက်ခံဂိတ် ၂ ဂိတ် စုစုပေါင်း ၅ဂိတ်ပဲ ထားရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

“(ရေကြောင်းမှာ)မျောစာပေးတဲ့ ဂိတ် ၁ ဂိတ်နဲ့ မျောစာစစ်တဲ့ ဂိတ် ၁ ဂိတ်ဆိုပြီးတော့ ရေကြောင်းမှာ ၂ ဂိတ်၊ အဲ့တော့ မြို့နယ် ပအဖ အခွန်ကောက်ခံရေးဂိတ် ၅ဂိတ်ပဲရှိမှာပေါ့၊ ကျန်တဲ့ဂိတ်တွေက အားလုံးပိတ်သိမ်းမှာပါ။ ကျန်တဲ့ ဂိတ်တွေဆိုတာ ရပ်ကျေးအဖွဲ့အစည်း အသီးသီးကနေပြီး သူ့နည်းသူ့ဟန် ဖွင့်ထားတဲ့ ဂိတ်တွေဖြစ်ပါတယ်။”လို့ ကနီမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ ကြားကာလ ဗဟိုကော်မတီမှာ ဆွေးနွေးဆဲဖြစ်ပြီး ဆွေးနွေးမှုတွေ ပြီးဆုံးမှသာ ဖြေကြားနိုင်မှာဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာနကလည်း စာထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဇန်နဝါရီ ၁၁ ရက်က အကြောင်းပြန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ အခွန်ကောက်ခံဂိတ်တွေမှာလည်း ကောက်ခံရရှိထားတဲ့ ဘဏ္ဍာငွေတွေကို အလေလွင့်မရှိစေဖို့ ဂိတ် ၁ ဂိတ်ဆီမှာ မြို့နယ်ပအဖ ကိုယ်စားလှယ် ၁ ဦးနဲ့ နယ်မြေခံတပ်ရင်း ၉ ရင်းက ရဲဘော်တွေ ပူးပေါင်း‌လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ကနီမြို့ချင်းတွင်းမြစ်ကြောင်းအတွင်း သွားလာနေသည့် ရေယာဥ်တချို့ကိုတွေ့ရစဥ်။

#မြေလတ်အသံ 

#ကနီ #အခွန်ဂိတ် #တရားမဝင် #ဖျက်သိမ်း #ပအဖ #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10