ကန်နီရွာတိုက်ပွဲမှာ ပျူစောထီး ၂ ဦး အရှင်ဖမ်းမိ၊ သေဆုံးသူများလည်းရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီးတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၂ ရက် မနေ့ မနက် ၅ နာရီလောက်မှာ ရွာအထိသွားရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဒီနေ့ မနက် ၄ နာရီလောက်မှာ ရွာနားကိုကပ်ပြီး မနက် ၅ နာရီလောက်မှာတော့ စစ်ကြောင်း ၃ ကြောင်းခွဲလို့ RPG ၊ ၄၀ မမ တွေနဲ့ စတင်ပစ်ခတ်ခဲ့ရာက ပျူစောထီးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲနီးပါး ဖြစ်ခဲ့ပြီး ပျူစောထီး၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပေမယ့်လည်း မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

တိုက်ခိုက်မှုမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၃ ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး ကန်နီရွာစပ်မှာရှိတဲ့ နေအိမ် ၃လုံးကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG နဲ့အတူ Urban Underground Revolution UURF.YSO၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ-၂၇ / တပ်ရင်း-၁ ၊King Cobra၊ ဒေါင်းညီနောင်၊ ညီနောင်သုံးဖော်/YSO၊ ဒေါင်းစစ်သည်၊ PKU ခရိုင် ရင်း ၁၆ - ခွဲ ၃၊ ပခုက္ကူခရိုင် ရင်း - ၁၄/၁၅၊ နဂါးနီ အထူးတိုက်ခိုက်ရေးအဖွဲ့၊ Pakokku Special Task Force ၊ Royal Seven(Myaing) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၁ ရက်ကလည်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ဟာ ကန်နီရွာကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ဇို

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #မကွေးတိုင်း #မြိုင်မြို့နယ် #ကန်နီရွာ #ပျူစောထီး #MRG #ထိတွေ့တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10