ကပစ၂၂ ကလာတဲ့ စစ်တပ်ဖောကား ၂စီး မိုင်းဆွဲခံရပြီး ၄ ဦးသေ၊ ကား ၁ စီးပျက်စီးလို့  ကရိန်းနဲ့ဆွဲရ

ကပစ၂၂ ကလာတဲ့ စစ်တပ်ဖောကား ၂စီး မိုင်းဆွဲခံရပြီး ၄ ဦးသေ၊ ကား ၁ စီးပျက်စီးလို့  ကရိန်းနဲ့ဆွဲရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းရွာအခြေစိုက် အမှတ် ၂၂ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ ) ကနေ ထွက်လာတဲ့ စစ်တပ်ဖောကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ စီး ပျက်စီးခဲ့ပြီး ကားပေါ် ပါ စစ်ကောင်စီတပ်သားတွေလည်း သေဆုံးမှုရှိတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ကပစ ၂၂ ကထွက်လာတဲ့ အဲ့ဒီစစ်ကား ၂ စီးကို ဒီဇင်ဘာ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင် ဆိပ်ဖြူနယ်၊ ချတောက်ရွာနဲ့ ချတောက်ရွာသစ်အကြားက ချစ်ချောင်းရေကျော်သဲချောင်းအရောက်မှာ ပဒေသာမိုင်း ၅ လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သတင်းကြိုရထားလို့ သဲချောင်းထဲမှာ မိုင်းကြိုထောင်ထားတာ။ သဲချောင်းအလယ်လောက် အရောက်မှာ မိုင်းဆွဲခဲ့တာ။ အရှေ့ကားကိုတည့်တည့်ဆွဲနိုင်ခဲ့တယ်။ သဲချောင်းထဲဆိုတော့ ကားကိုဖြည်းဖြည်းပဲ မောင်းတော့သေချာထိအောင်ဆွဲနိုင်ခဲ့တာ“ လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က မြေလတ်အသံကို ပြောပါတယ်။

ယာဉ် ၁ စီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်လိုက်ပါလာပြီး  မိုင်းထိမှန်တာကြောင့် စစ်ကား ၁ စီး ပျက်စီးသွားသလို ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိတယ်လို့ သူကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးလို့ ပျက်စီးသွားတဲ့အခြေအနေကို PDF တွေက ဒရုန်းနဲ့ထောက်လှမ်းရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ စစ်တပ်ဖောကားမှာ အမိုးပြုတ်ထွက်နေတာကို မြင်တွေ့ရပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ကား ၁ စီးပျက်စီးတာကြောင့် အခင်းဖြစ်ပွားတဲ့နေရာအနီးမှာ တပ်သားတချို့ကို အစောင့်ချန်ထားခဲ့ကာ ဆိပ်ဖြူဘက်ကို ဆက်သွားပြီး ပျက်စီးသွားတဲ့ကားကိုတော့ မနေ့ညနေ ၃ နာရီခန့်က ကရိန်းကားနဲ့ဆွဲယူသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို  ပခုက္ကူခရိုင်အမှတ် (၄)တပ်ရင်း တပ်ခွဲ (၃) ၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မိုင်းဆွဲခံရတဲ့ ချစ်ချောင်းရေကျော်သဲချောင်းအနီးမှာ ခရီးသွားပြည်သူတွေကို စစ်ဆေးနေတာမျိုးတွေ ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #ကပစ၂၂ #ဖောကား၂စီး #မိုင်းဆွဲခံရ #ထိခိုက်သေဆုံး #ကားပျက်စီး #PDF #NSP

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10