ကရင်နီက တပ်မအပျက်ကြီးကိုကွပ်ကဲဦးမယ့် စစ်မတိုက်ဖူးတဲ့ တပ်မမှူး (ဆောင်းပါး)

ကရင်နီက တပ်မအပျက်ကြီးကိုကွပ်ကဲဦးမယ့် စစ်မတိုက်ဖူးတဲ့ တပ်မမှူး (ဆောင်းပါး)

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် အမှတ် ၂၂ ခြေလျင်တပ်မဌာနချုပ် တမခ ၂၂ ရဲ့ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်စိုးလင်း ကို ဗိုလ်မှူးချုပ်အဆင့်တိုးမြှင့်ပေးပြီး ကရင်နီ(ကယား)ပြည်အတွင်းမှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် တမခ ၆၆ ရဲ့တပ်မမှူးအသစ်အဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ခန့်အပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ်အတွင်း အရေးနိမ့်နေတဲ့ တပ်မ ၆၆ ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း ဟာ အရံအင်အားကို ပို့ဆောင်ခံလိုက်ရပြီး ၎င်းရဲ့နေရာမှာ တပ်မမှူးအသစ်အဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း ကို ခန့်အပ်ကာ စစ်ဆင်ရေးတွေကိုကွပ်ကဲဖို့ နေပြည်တော်က စစ်ခေါင်းဆောင်တွေက ရွေးချယ် စေလွှတ်လိုက်တာပါ။

အသက် ၄၆ နှစ်ဝန်းကျင်ရှိ တပ်မမှူးအသစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း ဟာ ၎င်းရဲ့စစ်တပ်အရာရှိသက်တမ်း ၂၅ နှစ်နီးပါးမှာ စစ်တိုက်ဖူးတဲ့ကာလအပိုင်းအခြားဟာ မရှိသလောက် အလွန်နည်းပါးတယ်လို့ သူ့အကြောင်းသိရှိထားသူ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းအခြေစိုက် တပ်မ ၆၆ ဟာ ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေတာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး အဲ့ဒီကာလတွေအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှု၊ တပ်ရင်းလိုက် လက်နက်ချအညံ့ခံမှု၊ ဘက်ပြောင်းခိုလှုံမှုတွေကြောင့် အင်အားပြုန်းတီးမှု များပြားနေကာ တပ်မဖွဲ့စည်းပုံပျက်သည်အထိ စစ်ရှုံးနေတယ်လို့ KNDF တပ်နဲ့ တပ်မ ၆၆ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကရင်နီမြေမှာ ပျက်စီးနေတဲ့အဲ့ဒီတိုက်ခိုက်ရေးတပ်မကြီးကို ဦးဆောင်ကွပ်ကဲမယ့်တပ်မမှူးအသစ် ဗိုလ်မှူးကြီး ကျော်စိုးလင်းဟာ သူ့ရဲ့အရာရှိသက်တမ်းတလျှောက် စစ်ကောင်စီတပ်ရဲ့ဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့သလဲ၊ တိုက်ပွဲအတွေ့အကြုံ ဘယ်လောက်ရှိပြီး ဘယ်စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ဖူးသလဲဆိုတာ ကြည့်ကြရအောင်ပါ။ 

ကျည်တချက်မပေါက်တဲ့ နယ်မြေမှာ ၆ နှစ်ကြာနဲ့စတင်

စစ်တက္ကသိုလ်အမှတ်စဉ် ၄၁ ဆင်း ဗိုလ်မှူးချုပ် ကျော်စိုးလင်းဟာ ၂၀၀၀ ပြည့်နှစ်မှာ ဗိုလ်သင်တန်းဆင်းကာ သူ့ရဲ့မိခင်တပ်ရင်း ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်၊ ဝမ်ထန်းအခြေစိုက် အမှတ် ၂၉၅ ခြေလျင်တပ်ရင်းမှာ ဒုတိယဗိုလ်နဲ့ စတင်ခဲ့တာပါ။

အဲ့ဒီတပ်ရင်းမှာ သူ့ရဲ့ အရာရှိငယ်ဘဝကို ၂၀၀၆ အထိ ၆ နှစ်ကြာခဲ့ပါတယ်။ အဲ့ဒီကာလတွေမှာ ခလရ ၂၉၅ ဟာ မိုင်းပန်ဒေသမှာပဲ နယ်မြေခံတပ်အနေနဲ့ စစ်ဆင်ရေးဝင်ရောက်ရတာဖြစ်တယ်လို့ သူ့ကိုသိရှိသူ တပ်သတင်းရင်း မြစ်တွေထံက သိရပါတယ်။ 

မိုင်းပန်ဒေသဟာ ရှမ်းလက်နက်ကိုင်တပ် SSA/SSPP လှုပ်ရှားဒေသဖြစ်ပြီး SSPP ဟာ ၁၉၈၉ က စတင်ကာ နအဖစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားလို့ ယင်းဒေသမှာ သူရောက်ရှိနေချိန် ၂၀၀၀ ကနေ ၂၀၀၆ အတွင်း တိုက်ပွဲတွေမရှိခဲ့ဘူးလို့ မြန်မာစစ်တပ်မှာ နှစ်ပေါင်း ၃၀ ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားတပ်မတော်သား ၁ ဦးက ဆိုပါတယ်။

အထက်ဌာန ဦးစီး(တ) နဲ့ စစ်မတိုက်ဖူးသေးတဲ့ မှူး/ဗက

၂၀၀၆ ထဲမှာပဲ ခလရ ၂၉၅ ကနေ ရှမ်းမြောက်၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ၊ စစ်ရေးဌာနကို ဗိုလ်ကြီးအဆင့်နဲ့ ဦးစီးအရာရှိ(တတိယတန်း)(A 3)အဖြစ်ပြောင်းရွှေ့ခဲ့ရပြီး ၂၀၀၉ အထိ ၃ နှစ် ကြာခဲ့ပါတယ်။

တိုင်းစစ်ဌာနချုပ်၊ စစ်ရေးဌာန ဦးစီးအရာရှိ(တတိယတန်း)(A 3) ဟာ တိုင်းစစ်ဌာနချုပ်ရုံးမှာ သက်ဆိုင်ရာ တိုင်းမှူးတွေကိုယ်စား စစ်ရေးအုပ်ချုပ်မှုကိစ္စ ရုံးလုပ်ငန်းတွေကိုဆောင်ရွက်ရတာဖြစ်ပြီး စစ်ဆင်ရေးဌာန မဟုတ်တာကြောင့် မြေပြင်စစ်ဆင်ရေး၊ တိုက်ပွဲတွေနဲ့ ပိုမိုဝေးကွာခဲ့တာပါ။

ရမခဦးစီးအရာရှိနဲ့ ၃ နှစ်ကြာပြီးနောက် ၂၀၀၉ မှာ မှူး/ဗက(ဗိုလ်မှူး)အဆင့်ရာထူးတိုးခဲ့ပြီး အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၄ လက်အောက်ခံ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခုတ်မြို့ အမှတ် ၅၇၉ ခြေမြန်တပ်ရင်း (ခမရ ၅၇၉) ကို ဆက်လက်ပြောင်းရွှေ့ရကာ အဆိုပါတပ်ရင်းမှာ ၂၀၁၁ အထိ ၂ နှစ် ကြာခဲ့ပါတယ်။

ခမရ ၅၇၉ ကို ရောက်ရှိချိန်မှာ ခမရ ၅၇၉ တပ်နဲ့အတူ မှူး/ဗက တပ်ခွဲမှူးရာထူးနဲ့ ၄ လခန့်သာ ရှမ်းအရှေ့၊ မိုင်းဆတ်ဒေသ နယ်မြေလုံခြုံရေးလိုက်ပါခဲ့ရပြီး ကျန်ကာလတွေမှာ တပ်ရင်းရဲ့နောက်တန်းဌာနချုပ် တပ်ခွဲမှူးနဲ့ အဆိုပါတပ်မှာ ၂၀၁၁ နှစ်ကုန်ပိုင်းအထိ ကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကာလတွေမှာ မိုင်းဆတ်ဒေသမှာ တိုက်ပွဲတွေမရှိသလောက်နည်းပါးပြီး မိုင်းဆတ်ဒေသမှာ လှုပ်ရှားတဲ့ RCSS/SSA အဖွဲ့ကလည်း ၂၀၁၁ အကုန်မှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာခဲ့ပြီး ၂၀၁၂ နှစ်ဆန်းပိုင်းမှာ ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပါတယ်။ ၂၀၁၅ အောက်တိုဘာ ၁၅ မှာ NCA လက်မှတ်ရေးထိုးခဲ့တာပါ။ 

ဦးစီး(ဒု)နဲ့ ဒကစ (လောက်ကိုင်)ရောက်၊ ဒုတပ်ရင်းမှူး 

၂၀၁၁ နှစ်ကုန်ပိုင်းမှာတော့ ရှမ်း(အရှေ့) မိုင်းခုတ် ခမရ ၅၇၉ မှာ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးကနေ လက်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်၊ ကိုးကန့်ဒေသ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ လောက်ကိုင်မှာ ဦးစီးအရာရှိ(ဒုတိယတန်း)(G 2) အဖြစ် ရောက်ရှိလာပါတယ်။

ဒကစလောက်ကိုင်ကို ရောက်ရှိချိန် ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ကချင်ပြည်နယ်တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး  ကိုးကန့်ဒေသမှာတော့တည်ငြိမ်နေခဲ့ကာ ဒကစ G 2 အနေနဲ့ တိုက်ပွဲမရှိတဲ့ဒေသက စစ်ဆင်ရေးတွေကို ဒကစ စစ်ဌာနချုပ်ရုံးစားပွဲကနေ ကွပ်ကဲရတဲ့ အခြေအနေပါ။

ဒကစ လောက်ကိုင်မှာ ၁ နှစ်ခန့်ကြာပြီးတဲ့နောက် ၂၀၁၂ နှစ်ကုန်ပိုင်းမှာ  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကရခလက်အောက် တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် ခလရ ၂၆၅ ကို ဒုတပ်ရင်းမှူးနဲ့ ရောက်ရှိခဲ့ပါတယ်။ 

မြိတ် ခလရ ၂၆၅ ကလည်း ကရခ တိုင်းကွပ်ကဲမှုတပ်ဖြစ်တာကြောင့် မြိတ်ဒေသအတွင်းမှာ စစ်ဆင်ရေး ဝင်ရောက်ရတာဖြစ်ကာ လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားမှုရှိတဲ့ဒေသဖြစ်လို့ အဖြူရောင်နယ်မြေအဆင့် မသတ်မှတ်ထားပေမယ့် ယခင်ကပင် အေးအေးချမ်းချမ်းရှိခဲ့တဲ့ မြိတ်ကမ်းရိုးတန်းဒေသတလျှောက်ဟာ သူရောက်ရှိခဲ့တဲ့ ၂၀၁၄ အထိ ၂ နှစ်ကျော်ကာလအတွင်းမှာ တိုက်ပွဲတစုံတရာမရှိခဲ့ပါဘူး။ 

ပြည်သာယာမှာ ၃ လ စစ်တိုက်ဖူး

ဒုတပ်ရင်းမှူးနဲ့ ခလရ ၂၆၅ မှာ ၂ နှစ်ကျော်ကြာပြီးတဲ့နောက် ၂၀၁၄ နှစ်လယ်ပိုင်းလောက်မှာပဲ ယာယီ တပ်ရင်းမှူးရာထူးရခဲ့ပြီး စစ်ကိုင်း၊ တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုအခြေစိုက် ခမရ ၁၂၀ ကို ပြောင်းရွှေ့ခဲ့ရပါတယ်။

အဲ့ဒီအချိန်က တပ်မ ၃၃ နဲ့လက်အောက်ခံတပ်တွေဟာ ရှမ်းမြောက်၊ လောက်ကိုင်ဒေသ ၊ ကုန်းကြမ်းမြို့နယ်အတွင်း နယ်စပ်စခန်းကုန်းတွေမှာ စစ်ဆင်ရေးဝင်ရောက်နေရတာဖြစ်လို့ ရှေ့တန်းခမရ ၁၂၀ တပ်ရင်းမှူးအနေနဲ့ အဲ့ဒီစခန်းကုန်းတွေမှာ ပါဝင်ခဲ့တာ ၂၀၁၅ နှစ်ကုန်ပိုင်းအထိပါ။

ပြည်သာယာစစ်ဆင်ရေးလို့ အမည်ပေးထားပြီး လွန်ခဲ့တဲ့ ၉ နှစ်နီးပါး ၂၀၁၅ ၊ ဖေဖော်ဝါရီကနေ မေလအထိ ကိုးကန့်တပ် MNDAA နဲ့ ဖြစ်ပွားခဲ့တဲ့  လောက်ကိုင်ဒေသတိုက်ပွဲတွေမှာ နယ်မြေခံတပ် ဒကစလောက်ကိုင် လက်အောက်တပ်ရင်းတွေ၊ တပ်မ ၃၃ ၊ တပ်မ ၉၉ ၊ တပ်မ ၈၈၊ စကခ ၁၆ စတဲ့ တပ်မတွေရဲ့ လက်အောက်တပ်ရင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ လကျော်ကြာမြင့်ခဲ့ပါတယ်။

၃ လကျော်ကြာ ပြင်းထန်ခဲ့တဲ့ ၂၀၁၅ လောက်ကိုင်တိုက်ပွဲတွေမှာ ဖော်ပြပါတပ်မတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာရရှိကြောင်း ယင်းကာလမှာ စစ်တပ်ပိုင်သတင်းစာတွေမှာဖော်ပြခဲ့ကာ တိုက်ပွဲမှာပါဝင်သူတွေကို လောက်ကိုင်တိုက်ပွဲတံဆိပ် ပေးအပ်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ ခမရ ၁၂၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စိုးလင်းက လောက်ကိုင်တိုက်ပွဲတံဆိပ်အပြင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိခဲ့ပါတယ်။

တပ်မ ၆၆ တပ်မမှူးဖြစ်လာမဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်စိုးလင်းဟာ အဲ့ဒီလောက်ကိုင်တိုက်ပွဲကာလ ၃ လသာ စစ်တိုက်ခဲ့ဖူးခဲ့တာပါ။ အဲ့ဒီတိုက်ပွဲတွေပြီးဆုံးသွားပြီးတဲ့နောက် တပ်မ ၃၃ ဟာ လောက်ကိုင်ဒေသကနေ တိုက်ပွဲတွေတည်ငြိမ်တဲ့ နမ့်ခမ်းဒေသကို စစ်ဆင်ရေးနယ်မြေပြောင်းရွှေ့ခဲ့ရတာ ၂၀၁၇ နှစ်ကုန်ပိုင်းအထိပါ။

 

နေပြည်တော်မှာ ၃ နှစ်ကြာပြီး ရခိုင်အပစ်ရပ်ကာလ ဗျူဟာမှူးဖြစ်

တပ်မမှူးအလောင်းလျာ ဒုတိယဗိုလ်မှူးကြီး ကျော်စိုးလင်းဟာ ခမရ ၁၂၀ တပ်ရင်းမှူးကနေ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ နေပြည်တော်၊ ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း)ရဲ့ ရုံးအမှတ် ၁၀ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး(လကခ)ကို စစ်ဦးစီးမှူး(ပထမတန်း) (G 1) အဖြစ် ရောက်ရှိသွားပါတယ်။

လေ့ကျင့်ရေးအရာရှိချုပ်ရုံးဟာ စစ်ကောင်စီတပ်ရဲ့ စစ်တပ်တက္ကသိုလ်တွေ၊ လေ့ကျင့်ရေးကျောင်းတွေနဲ့ လေ့ကျင့်ရေးတပ်ရင်းတွေကို ကွပ်ကဲရတဲ့ရုံးဖြစ်လို့ လကခရဲ့ G 1 ဟာ မြေပြင်စစ်ဆင်ရေးနဲ့ဝေးကွာပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ နေပြည်တော်မှာ ၃ နှစ်ကြာပြီးတဲ့နောက် လကခ G 1 ကနေ တပ်မ ၂၂ ရဲ့ နည်းဗျူဟာမှူး အဖြစ် ဗိုလ်မှူးကြီး ရာထူးတိုးခဲ့ပါတယ်။

ပုံစာ - တပ်မ ၂၂ မှာ ဂေါက်ရိုက်ပြိုင်ပွဲပြုလုပ်စဉ် တွေ့မြင်ရတဲ့ ဗိုလ်မှူးကြီး ကျော်စိုးလင်း(ဝဲဘက်ဒုတိယ)။

တပ်မ ၂၂ ဟာ  ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ရေးဝင်ရောက်နေတာဟာ ရက္ခိုင့်တပ်တော်-AA နဲ့ တိုက်ပွဲတွေ ပြင်းထန်ချိန် ၂၀၁၉ ကနေ လက်ရှိအထိဖြစ်ပြီး ဗိုလ်မှူးကြီး ကျော်စိုးလင်း ဗျူဟာမှူး ဖြစ်လာချိန် ၂၀၂၀နှစ်ကုန်ပိုင်း ရွေးကောက်ပွဲကာလမှာတော့ နှစ်ဖက်တပ်တွေသဘောတူကာ အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်မှာ တပ်မ ၂၂ ဗျူဟာမှူးနဲ့  ၂၀၂၂ နှစ်ကုန်ပိုင်းအထိ ၂ နှစ်ကြာခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ယင်းကာလတွေ အထိလည်း  ရခိုင်ပြည်နယ်အတွင်း စစ်ရေးတည်ငြိမ်နေတာလည်း ဖြစ်ပါတယ်။

ပွဲတက်မင်းသား ဒုတိယတပ်မမှူး

ဗိုလ်မှူးကြီး ကျော်စိုးလင်း ဟာ တပ်မ ၂၂ နည်းဗျူဟာမှူးကနေ တပ်မ ၂၂ ဒုတိယတပ်မမှူးအဖြစ် ၂၀၂၂ နှစ်ကုန်ပိုင်း ရာထူးတိုးခဲ့လို့ နောက်တန်းဌာနချုပ်အခြေစိုက်ရာ ကရင်ပြည်နယ်၊ ဘားအံမြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒုတိယတပ်မမှူးအဖြစ် ရာထူးတိုးပေမယ့် အဆင့်ကတော့ ဗိုလ်မှူးကြီး အဆင့်ပဲ ဖြစ်ပါတယ်။

တပ်မတွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအရ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးတွေနဲ့ တပ်မမှူး ဗိုလ်မှူးချုပ်သာ မြေပြင်စစ်ဆင်ရေးတွေ လိုက်ပါရတာဖြစ်ပြီး ဒုတိယတပ်မမှူးကတော့ နောက်တန်းမှာ အုပ်ချုပ်ကွပ်ကဲရတာပါ။

ဘားအံမြို့ဟာ ကရင်ပြည်နယ်စစ်ကောင်စီရုံးစိုက်တဲ့မြို့ဖြစ်လို့ စစ်ကောင်စီလက်အောက် ပြည်နယ် ဝန်ကြီးချုပ်နဲ့အတူ စစ်ကောင်စီကလုပ်တဲ့ မြို့ပေါ်အခမ်းအနားပွဲတွေမှာပဲ ပွဲတက်ရင်း ၁ နှစ်ကျော်ကြာ ကာလကုန်ဆုံးခဲ့ပြီးတဲ့နောက် လက်ရှိ တပ်မ ၆၆ ရဲ့ တပ်မမှူးအသစ်အဖြစ်ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

တပ်မအပျက်အကြောင်း တစေ့တစောင်း

တပ်မ ၆၆ ဟာ ကရင်နီမြေမှာ အလုံးစုံမပျက်သုဉ်းသေးပေမယ့် တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ သေဆုံး၊ ပြုန်းတီးများနေတယ်လို့ KNDF နဲ့ တပ်မ ၆၆ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက မြေလတ်အသံကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ နှစ်ကုန်ပိုင်းကစတင်ကာ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲပေါင်းရာနဲ့ချီဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ၂၀၂၃ ဇွန်လကထုတ်ပြန်လာတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF ထူထောင်မှု ၂ နှစ်ပြည့် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သေဆုံးမှု ၂,၀၀၀ ကျော်အတွင်း ကရင်နီမြေမှာရောက်ရှိနေတာ ၂ နှစ်ကျော်ကြာပြီဖြစ်တဲ့ တပ်မ ၆၆နဲ့လက်အောက်ခံတပ်ရင်းတွေက အများဆုံးပါဝင်တယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်မ ၆၆ လက်အောက်တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေဟာ  KNDF တပ်ရင်းတွေထံ ဘက်ပြောင်းခိုလှုံလာတာ၊ လက်နက်ချအညံ့ခံလာတာတွေလည်း အများအပြားပါ။

ထင်ရှားဖြစ်စဉ်အနေနဲ့ ယမန်နှစ် နိုဝင်ဘာ ၁၁၁၁ စစ်ဆင်ရေး လွိုင်ကော်တိုက်ပွဲမှာ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲနေတဲ့ တပ်မ ၆၆ လက်အောက် ခမရ ၆ တပ်ရင်းရဲ့ အင်အားတဝက်ခန့် တော်လှန်ရေးတပ်တွေရဲ့ချေမှုန်းခံလိုက်ရပြီး ကျန်တဝက်အင်အား ၃၀ ကျော် အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့တဲ့ တိုက်ပွဲရလဒ်ကို KNDF က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ယင်းဖြစ်စဉ်အပါအဝင် ကရင်နီမြေအတွင်းတိုက်ပွဲတွေမှာ အရေးနိမ့်နေလို့ တပ်မ ၆၆ ရဲ့ ဒုတိယမြောက် စစ်ရှုံးတပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း ကို စစ်ခေါင်းဆောင်တွေက အရံအင်အားကိုပို့ဆောင်ကာ ဗိုလ်မှူးကြီး ကျော်စိုးလင်းကို တပ်မမှူးအဖြစ် အစားထိုးခန့်အပ်လိုက်တာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီမြေက တိုက်ပွဲတွေမှာ စစ်ရှုံးနေလို့ တပ်မမှူးချိန်းရတာဟာ ဗိုလ်မှူးကြီး ကျော်စိုးလင်းနဲ့ဆို ၃ ယောက်မြောက်ပါ။ ဗိုလ်မှူးချုပ် ဝင်းသူလင်းဟာလည်း သူရဲ့ရှေ့က ပထမမြောက် စစ်ရှုံး တပ်မမှူး ဗိုလ်မှူးချုပ် ကျော်လင်းအောင်ရဲ့နေရာကို အစားထိုးရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ကာလကြာစစ်ရှုံးပြီး ဖွဲ့စည်းပုံပျက်နေတဲ့ တပ်မ ၆၆ ကို ကွပ်ကဲကာ ကရင်နီမြေမှာဆက်လက်တိုက်ပွဲဝင်မယ့် တပ်မမှူးအသစ်ကလည်း စစ်မှုထမ်းကာလတလျှောက် ၃ လသာ စစ်တိုက်ဖူးတာကြောင့် တပ်မ ၆၆ ကို ကွပ်ကဲပြီးတဲ့နောက် ရာထူးဆက်တိုးမလား၊ ရှမ်းမြောက်နဲ့ ရခိုင်ကဖြစ်စဉ်တွေလို တပ်မမှူးတွေ အဖမ်းခံ၊ သေဆုံးခဲ့ရမှုနဲ့ အဆုံးသတ်မလား၊ သူ့ရှေ့က စီနီယာတပ်မမှူးတွေနဲ့အလားတူ အရံအင်အားကိုပို့ခံရပြီး  ဖြုတ်ချအနားပေးခံရမလားဆိုတာ မကြာခင် တွေ့မြင်ရတော့မှာပါ။ 

#မြေလတ်အသံ

#ဆောင်းပါး #ကရင်နီ #တပ်မ၆၆ #တပ်မမှူး #ဗိုလ်မှူးချုပ် #ကျော်စိုးလင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10