ကရင်နီမြေမှ အိမ်မပြန်နိုင်တော့တဲ့ တပ်မ ၆၆

ကရင်နီမြေမှ အိမ်မပြန်နိုင်တော့တဲ့ တပ်မ ၆၆

စစ်ကောင်စီရဲ့ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်(တမခ ၆၆)ဟာ ပဲခူးတိုင်း(အနောက်ခြမ်း)၊ သဲကုန်းမြို့နယ်၊ အင်းမမြို့အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ နာမည်ကြီး ကြည်းတပ်တိုက်ခိုက်ရေးတပ်မတခု ဖြစ်ပါတယ်။

တပ်မ ၆၆ ဟာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်အစိုးရခေတ်က စစ်ဗိုလ်ချုပ်ကြီးအများအပြား တပ်မမှူးအဖြစ်ကိုင်တွယ်ခဲ့တဲ့ တပ်မတခုဖြစ်ပြီး အဲ့ဒီစစ်ဗိုလ်ချုပ်ကြီးတွေကို တပ်မမှူး ဗိုလ်မှူးချုပ်အဆင့်ကနေ ဗိုလ်ချုပ်ကြီးအဆင့်တွေအထိ နန်းတင်ပေးခဲ့တဲ့ တပ်မဖြစ်တယ်လို့ စစ်သားဟောင်းကြီးတွေရဲ့ ပြောစမှတ်တွေရှိခဲ့ပါတယ်။

အဲ့ဒီလို စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေကို နန်းတင်ပေးခဲ့တဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေရှိခဲ့လို့ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မဌာနချုပ်တွေနဲ့ တပ်မမှူးတွေအကြား နာမည်ကျော်ကြားခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီတပ်မကြီးဟာ အာဏာသိမ်းပြီး ၂ နှစ်အကြာမှာတော့ ဖွဲ့စည်းပုံတွေပျက်လို့ တပ်မကြီး ပျက်စီးတော့မယ့်အရေးနဲ့ ဆိုင်ရင်နေရပါပြီ။

ဒီတပ်မဟာ ပဲခူး(အနောက်ခြမ်း)မှာ အခြေစိုက်တဲ့အလျောက် ပြည်၊ ပေါင်းတည်၊ သဲကုန်း၊ အင်းမ၊ မင်းလှ၊ အုတ်ဖို၊ သာယာဝတီ စတဲ့မြို့နယ်တွေမှာ အခြေစိုက်ထားတဲ့  ခမရ ၄၊ ခမရ ၅၊ ခလရ ၈၀၊ ခလရ ၁၊ ခလရ ၁၄၊ ခမရ ၆၊ ခမရ ၁၀၊ ခလရ ၃၅ နဲ့ ဧရာဝတီတိုင်း၊ ဓနုဖြူနဲ့ပုသိမ်မြို့ အခြေစိုက် ခမရ ၁၀၈၊ ခလရ ၁၁ စတဲ့ တပ်ရင်း ၁၀ ရင်းကို ကွပ်ကဲရပြီး ဗိုလ်မှူးချုပ်အဆင့်အုပ်ချုပ်နေတဲ့ ခြေမြန်တပ်မဌာနချုပ် တခုလည်း ဖြစ်ပါတယ်။

လက်ရှိ တပ်မ ၆၆ နဲ့ လက်အောက်ခံတပ်ရင်း ၁၀ ခုဟာ ခုခံတော်လှန်စစ်ဆင်နွှဲနေတဲ့ ကရင်နီ(ကယား)ပြည်ကို သူတို့အခြေစိုက်ရာ ပဲခူးအနောက်ခြမ်းဒေသကနေ  ပြီးခဲ့တဲ့ ၂၀၂၁ ၊ စက်တင်ဘာလက စတင်လို့ တိုက်ခိုက်ရေးသွားရောက်နေရတာ ၂ နှစ်နီးပါးကြာခဲ့ပါပြီ။

ကရင်နီပြည်နယ်အတွင်း ၂ နှစ်နီးပါးအကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်မ ၆၆ လက်အောက်ခံ စစ်သားတွေဟာ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာတွေ၊ CDM ပြုလုပ်ဘက်ပြောင်းခိုလှုံတာတွေ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေကြောင့် တပ်အင်အားပြုန်းတီးမှု အလွန်များပြားခဲ့ပြီး တပ်ဖွဲ့စည်းပုံပျက်သွားတဲ့အထိ အင်အားယုတ်လျော့သွားတယ်လို့ တပ်မ ၆၆ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တပ်မ ၆၆ လက်‌အောက်ခံ ခလရ ၁ တပ်မှ သတင်းရင်းမြစ်တဦးက “တပ်မ ၆၆ ဟာ ၂ နှစ်နီးပါးကာလအတွင်း ထိခိုက်သေဆုံး၊ ဒဏ်ရာရ၊ အရှင်ဖမ်းဆီးခံရမှု၊ ဘက်ပြောင်းခိုလှုံမှုတွေကြောင့် တပ်မတခုလုံးအင်အားရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ကျန်တော့တယ်” လို့  ခန့်မှန်းပါတယ်။

လက်ရှိကရင်နီပြည်နယ်အတွင်းက လက်ကျန်တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေဟာလည်း တခြားတပ်ရင်းတပ်မတွေအောက်မှာ စစ်ကြောင်းထိုးသွားလာနေရပြီး တပ်မ ၆၆ ဆိုတဲ့ နာမည်ဟာ မှေးမှိန်လို့ လာနေပါပြီ။

 

တပ်မ ၆၆ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှု

 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁၊ မေလအတွင်းက ရှမ်းပြည်(တောင်ပိုင်း) မိုးဗြဲမြို့နယ်ရဲစခန်း စီးနင်းခံရမှုအပါအဝင် စစ်ကောင်စီတပ်နဲ့ ဆန့်ကျင်တော်လှန်တဲ့အင်အားစုတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ 

အဲ့ဒီနောက် ဇွန်လဆန်းကစတင်လို့ ရှမ်း၊ ကယားနယ်စပ်နဲ့ ကရင်နီဒေသတွေမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF စတင်ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီနယ်မြေခံတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာလအရောက်မှာတော့ တပ်မ ၆၆ နဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ကရင်နီဒေသအတွင်း စတင်ဝင်ရောက် စစ်ကြောင်းထိုးပြီး ကရင်နီတပ်မတော် (Karenni Army - KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(Karenni National Defense Force – KNDF)၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (Karenni People Defense Force-KPDF ) အပါအဝင် ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်တလျှောက် မြို့နယ်အလိုက် PDF တွေနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ 

“အဲ့ဒီတုန်းက တပ်မ ၆၆ တခုတည်းက တပ်ရင်းတွေနဲ့ ကျနော်တို့ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲ ဘက်တွေမှာ စခန်းထိုင်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်တယ်။ အဲ့ဒီကနေ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်လာတာ” လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ခံတဦးက ပြောပါတယ်။

 

၂ နှစ်အတွင်း တပ်မ ၆၆ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး၊ ပြုန်းတီးမှု ဘယ်လောက်များခဲ့သလဲ

 

ပြီးခဲ့တဲ့ ဇွန်လက KNDF တည်ထောင်မှု ၂ နှစ်ပြည့် စစ်ရေးအစီအရင်ခံစာ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်တွင် ၂ နှစ်တာအတွင်း စစ်ကောင်စီရဲ့ တပ်မ ၆၆၊ တပ်မ ၉၉၊ စကခ ၂၊ စကခ ၇၊ တပ်မ ၅၅ တိုက်ခိုက်ရေးတပ်မတွေအပြင် နယ်မြေခံတပ်တွေဖြစ်တဲ့ ရပခ (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ လွိုင်ကော်) လက်အောက်ခံတပ်ရင်းတွေနဲ့ တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၆၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ကရင်နီပြည်နယ်အတွင်းကို အစောဆုံး ထိုးစစ်ဆင်ဝင်ရောက်လာတဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေက အများဆုံးသေဆုံးခဲ့တယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

KNDFအနေနဲ့ တပ်မ ၆၆ အတွက် သီးသန့်စာရင်းပြုစုထားတာမျိုး မရှိပေမယ့် အစောပိုင်းကာလတွေမှာ တပ်မ ၆၆ တခုတည်းနဲ့ တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းကာလတွေမှာတော့ တပ်မ ၆၆ ဟာ အသေအဆုံးများကာ တပ်ဖွဲ့စည်းပုံပျက်သွားတဲ့အတွက် တခြားတပ်မတွေ ကရင်နီပြည်နယ်ထဲ ထပ်ဝင်လာရတယ်လို့ သူက ဆိုပါတယ်။ 

“ဖွဲ့စည်းပုံပျက်ပြီး တခြားတပ်မတွေ ထပ်ထည့်ရတာ။ ဒီ ၂ နှစ်တာ စစ်ကောင်စီတပ် သေဆုံးမှုတွေထဲမှာ သေဆုံးမှုရာခိုင်နှုန်း အများဆုံးဟာ တပ်မ ၆၆ ပါ”လို့ သူက မှတ်ချက်ပြုပါတယ်။

တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ တပ်မှ သတင်းရင်းမြစ်ကလည်း လက်ရှိ ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်နေတဲ့ ခလရ ၁ ဆိုရင် တိုက်ခိုက်ရေးစထွက်တုန်းက စစ်ထွက်အင်အား ၉၀ လောက်ရှိရာက ခုဆို ရှေ့တန်းအင်အား ၃၀ လောက်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။  

“အင်အားဖြည့် ထပ်ပို့တာနဲ့ဆို ဒီ ၂ နှစ်အတွင်းမှာ ၁၁၀ လောက် ရှိတာပေါ့။ တိုက်ပွဲကျတွေများတာမှာ တခါတခါကျရင် ၄ ယောက်၊ ၅ ယောက်၊ ၁၀ ယောက်ကျတာ။ အခု ရတခလရ-၁(ရှေ့တန်းခြေလျင်တပ်ရင်း) ရှေ့တန်းအင်အားက ၃၀ လောက်ပဲ ကျန်တော့တယ်” လို့ သူက ဆက်ရှင်းပြပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က ငွေတောင်ဆည်တိုက်ပွဲမှာ ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျ အပါ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက် ဖရူဆိုမြို့နယ်၊ ထားလဲရွာအနီးမှာလည်း  တပ်မ ၆၆ စစ်ကြောင်းမိုင်းဆွဲခံရလို့ ခမရ ၁၀၈ က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝင်းထိုက်စိုး မိုင်းစထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဒါတွေဟာ ကရင်နီပြည်နယ်တိုက်ပွဲတွေအတွင်း တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေက တပ်ရင်းမှူးအဆင့်တွေပါ ထိခိုက်သေဆုံးခဲ့တဲ့ ထင်ရှားတဲ့တိုက်ပွဲတွေထဲက တချို့သာရှိပါသေးတယ်။

ဒါ့အပြင် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ တပ်ရင်းကို စစ်အာဏာသိမ်းပြီးနောက် ဒုတိယမြောက် တပ်ရင်းမှူးအဖြစ် တာဝန်ယူရတဲ့ ဒုဗိုလ်မှူးကြီး သူရိန် ဟာ မေလ ၂၁ ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ၎င်းတပ်ရင်းမှ အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးများခဲ့လို့ ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ စစ်ဘက်အကြီးတန်းအရာရှိတွေက ရက်ပိုင်းအတွင်း သူ့ကိုပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ဇွန်လဆန်းပိုင်းမှာ စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ပါတယ်။ စစ်ဆင်ရေးရှောင်လွှဲမှုဟာ သေဒဏ်ထိပေးနိုင်တဲ့ ပြစ်မှုမျိုးဖြစ်ပေမယ့် လူအင်အားမရှိသလောက်ဖြစ်နေတဲ့ တပ်မ ၆၆ က ဒုဗိုလ်မှူးကြီး သူရိန်ကို လုပ်သက်ဖြတ်တောက် ၂ နှစ်(Service Cut)ပြစ်ဒဏ်ကိုသာ ပေးခဲ့တယ်လို့ တပ်မ ၆၆ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကရင်နီတပ်ဖွဲ့တွေဆီ ခိုလှုံလာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ က စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်တဦးရဲ့ ထုတ်ဖော်ပြောကြားချက်အရ ခမရ ၁၀၈ ဟာ ကရင်နီပြည်ကို စစ်ဆင်ရေးစတင်ထွက်ခွာလာချိန်မှာ စစ်ထွက်အင်အား ၁၁၀ ခန့်ရှိပြီး ၂ နှစ်တာကာလ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုတွေကြောင့် လက်ရှိမှာ တပ်ဖွဲ့အင်အား ၆၀ ကျော်သာကျန်ရှိတော့ တယ်လို့ ဆိုထားပါတယ်။ 

တပ်မ ၆၆ လက်အောက်ခံတပ်တွေထဲက သေဆုံးမှုအများဆုံးဟာ ခလရ ၁၊ ခလရ ၁၁၊ ခလရ ၃၅ နဲ့ ခမရ ၁၀၈ တပ်ရင်းတွေက အများဆုံးဖြစ်ကာ တပ်မ ၆၆ ရဲ့ စစ်အင်အားစုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိတဲ့အနက် လက်ရှိမှာ အင်အား ၃၀၀ ဝန်းကျင်သာ ကျန်ရှိတော့မယ်လို့ တပ်မ ၆၆ တပ်သတင်းရင်းမြစ်တွေက ခန့်မှန်းပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေအပြင်  ၂ နှစ်တာကာလအတွင်း KNDF က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးရှိခဲ့ရာ  အဲ့ဒီထဲမှာ တပ်မ ၆၆ လက်အောက်ခံစစ်သားတွေ အများဆုံးပါဝင်တာကို KNDF ရဲ့  ၂ နှစ်ပြည့် စစ်ရေးထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

“တပ်မ ၆၆ က ကရင်နီစစ်မျက်နှာမှာ အစောဆုံးနဲ့ အများဆုံးဖြစ်ခဲ့တော့ အရှင်မိတွေလည်း သူတို့တပ်မကပဲ အများဆုံး။ အရှင်မိ စစ်သုံ့ပန်းမှာ တပ်မ ၆၆ က ၃ ပုံ ၂ ပုံလောက်ပါတယ်” လို့ KNDF တာဝန်ခံက ပြောပါတယ်။

 

တပ်ဖွဲ့စည်းပုံဘယ်လိုပျက်နေလဲ

 

ရှေ့တန်းတပ်မတခုမှာ တပ်အင်အားရဲ့ ၃၀ ရာခိုင်နှုန်းသေဆုံး၊ ဒဏ်ရာရဖြစ်ပေါ်ခဲ့ရင် အဲ့ဒီရှေ့တန်း တပ်မ ဟာ တပ်ပျက်တဲ့အထိ ဖရိုဖရဲဖြစ်သွားတယ်လို့ စစ်ကောင်စီတပ်အတွင်း နှစ် ၂၀ နီးပါး စစ်မှုထမ်းခဲ့တဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

“တပ်မဖြစ်စေ၊ တပ်ရင်းဖြစ်စေ စစ်ထွက်အင်အားရဲ့ ၃၀ ရာနှုန်းလောက်က ရှေ့တန်းမှာ မုန့်ဟင်းခါး (သေဆုံး)တောင် မဟုတ်ဘဲနဲ့ ဒန်းစီး(ဒဏ်ရာရ)တယ်ဆိုရင်တောင်မှ အဲ့ဒီသေဆုံး၊ ဒဏ်ရာရတွေကို ကျန်တဲ့သူတွေက ထမ်းရပိုးရ၊ သူတို့ လက်နက်တွေ၊ ခြင်းတွေကို ဝိုင်းထမ်းရနဲ့ တပ်ပျက်တာပေါ့” လို့ သူက ဆက်ရှင်းပြပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ ကြည်းတပ်တိုက်ခိုက်ရေးတပ်မတွေဟာ တပ်ရင်း ၁၀ ရင်း၊ ဗျူဟာ ၃ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တပ်ရင်း ၃ ရင်းကို ဗျူဟာ ၁ ခုက ကွပ်ကဲတာဖြစ်ပါတယ်။ ကျန်တပ်ရင်း ၁ ရင်းကတော့ တပ်မမှူးအနီးမှာ ရှေ့တန်းရုံးထိုင် သက်စောင့်တပ်အဖြစ် ခေါ်ယူထားပြီး အင်အားလိုအပ်တဲ့ ဗျူဟာတွေဆီ ထုတ်နုတ်ပို့ဆောင်တယ်လို့ သိရပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့နယ်မြေတွေကို တိုက်ခိုက်ရေးဝင်ရောက်ရာမှာ တပ်ရင်းတွေရဲ့ ဒုတပ်ရင်းမှူးနဲ့ တပ်ရင်းမှူးတွေကို ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတွေက ကွပ်ကဲပြီး ဗျူဟာမှူးတွေကို  ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူးကကွပ်ကဲကာ ရှေ့တန်းနယ်မြေအထိ တပ်မနဲ့အတူ အနီးကပ်လိုက်ရတာပါ။ 

စစ်အာဏာမသိမ်းမီက စစ်ကောင်စီတပ်ရင်းတခုရဲ့ စစ်ထွက်အင်အားဟာ ၁၃၀ ဝန်းကျင်ရှိတယ်လို့ ပြည်သူဘက်ခိုလှုံလာတဲ့ CDM တပ်မတော်သားတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ် တပ်ရင်း ၁ ရင်းရဲ့ ရှေ့တန်းထွက်အင်အားဟာ ၁၀၀ ဝန်းကျင်ခန့်သာရှိပြီး တပ်ရင်း ၁၀ ရင်းရှိ တိုက်ခိုက်ရေးခြေမြန်တပ်မဌာနချုပ်တခုရဲ့ ရှေ့တန်းထွက် အင်အားဟာဖွဲ့စည်းပုံပါအတိုင်း မပြည့်မီတော့ဘူးလို့ ပြည်သူဘက်ခိုလှုံလာတဲ့ CDM တပ်မတော်သားတွေဆီက ဆိုပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း တပ်ရင်းတွေမှာရှိတဲ့ နဂိုစစ်ထွက်အင်အားကို မြို့ပေါ်လုံခြုံရေးအတွက်ပါ နှုတ်ပေးလိုက်ရတဲ့အတွက် အခုလက်ရှိမှာ စစ်ထွက်အင်အားဟာ ပျမ်းမျှ ၈၀ နဲ့ ၁၀၀ ကြားမှာသာရှိတယ်လို့ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“လက်ရှိ ရတ(ရှေ့တန်း)အင်အားက တပ်မအဆင့် အင်အားလို့တောင် ပြောလို့မရတော့ဘူး။ ကွပ်ကဲမှုက သီးခြားရှိသေးတယ်ဆိုပေမယ့် ရှေ့တန်းစစ်စခန်းတွေမှာ တပ်မ ၆၆ က သီးခြား တပ် မဖြန့်နိုင်တော့လို့ တခြားတပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပေါင်းနေရတာ”လို့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတခုမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဒါကြောင့် ကရင်နီပြည်နယ်ထဲက တပ်မ ၆၆ လက်အောက်ခံရှေ့တန်းတပ်တွေမှာ အင်အားနည်းသွားတဲ့အတွက် ထပ်မံရောက်ရှိလာတဲ့ အခြားတပ်မလက်အောက်ခံ တပ်ရင်းတွေနဲ့ ပူးတွဲစခန်းထိုင်၊ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

 

တဖြည်းဖြည်းမှေးမှိန်လာတဲ့ တပ်မ ၆၆

 

ကရင်နီပြည်နယ်အတွင်း ၁ နှစ်ကျော်ကာလအကြာ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေနဲ့သာ ထိုးစစ်ဆင်နေရာကနေ ထိခိုက်သေဆုံးမှုတွေ များလာတဲ့အတွက် စစ်ကောင်စီတပ်ဟာ ကျားနာတကောင်လို ခဲချင်တာကြောင့် ကရင်နီကို စစ်ရေးအရ ထပ်မံဖိနှိပ်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ 

ဒါကြောင့် ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ကာ ကရင်နီပြည်နယ်အတွင်းကို  နောက်ထပ်တိုက်ခိုက်ရေး တပ်မတွေ ဖြစ်တဲ့ ရှမ်းပြည်နယ်၊ မိုင်းနောင်အခြေစိုက် အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂)၊ ဖယ်ခုံအခြေစိုက် စကခ ၇၊ ကလောအခြေစိုက် တပ်မ ၅၅ စတဲ့ တပ်မတွေအပြင် နယ်မြေခံတပ်တွေဖြစ်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)နဲ့ ဒကစ(လွိုင်ကော်) လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ထပ်မံဝင်ရောက်လာခဲ့တယ်လို့  KNDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ 

ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ တပ်မ ၆၆ ဟာ ၂ နှစ်နီးပါးကြာတဲ့အထိ နောက်တန်း ပြန်ဝင်တာ၊ တပ်ချိန်းပြောင်းရတာ လုံးဝမရှိသေးဘဲ လက်အောက်ခံတပ်ရင်းအားလုံး လက်ရှိအချိန်ထိ  ကရင်နီဒေသမှာ တိုက်ခိုက်နေရဆဲဖြစ်တယ်လို့ တပ်မ ၆၆ တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

အဲ့ဒီလို ထိခိုက်သေဆုံးများနေတဲ့ တပ်မ ၆၆ ဟာ ကရင်နီပြည်ကနေ မပြန်ရသော်လည်း  စတင်ဝင်ရောက်စဉ် ကာလများကဲ့သို့ ဦးဆောင်စစ်ကြောင်းထိုးတာတွေ ပြုလုပ်နိုင်တာမရှိတော့ဘဲ တခြားတပ်ရင်း၊ တပ်ဖွဲ့စစ်ကြောင်းတွေအောက်မှာသာ လိုက်ပါနေရကာ ကရင်နီပြည်နယ်အတွင်း တပ်မ ၆၆ ဆိုတဲ့နာမည်ဟာ တဖြည်းဖြည်းမှေးမှိန်လာခဲ့တယ်လို့ KNDF က ဆိုပါတယ်။

 

တပ်မမှူး ၃ ယောက် ပြောင်းလဲခဲ့ရ

 

တပ်မ ၆၆ ဟာ ၂ နှစ်တာ ကာလအတွင်း တပ်မမှူး ၃ ယောက်အထိ အပြောင်းအလဲ လုပ်ခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်ကိုတိုက်ခိုက်ရေးမဝင်ရောက်မီ ၂၀၂၁ အစောပိုင်းကာလတွေမှာ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်(တမခ ၆၆)ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ခိုက်ရေးဝင်ရောက်ခဲ့ရပြီး တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ် မျိုးမင်းက တာဝန်ယူခဲ့တာပါ။

အဲ့ဒီနောက် ကရင်နီပြည်ကို တိုက်ခိုက်ရေးဝင်ရောက်မယ့် ၂၀၂၁၊ ဩဂုတ်လနောက်ဆုံးအပတ်မှာ ယခင် တပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်း နေရာမှာ ကချင်ပြည်နယ်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်ကို တပ်မမှူးအဖြစ်အစားထိုး ခန့်အပ်ခဲ့ပါတယ်။ 

ဗိုလ်မှူးကြီး ကျော်လင်းအောင် တပ်မမှူးအဖြစ်တာဝန်ယူခဲ့ပြီးနောက် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေမှာ တပ်ရင်းမှူးအဆင့်တွေအပါအဝင် ထိခိုက်သေဆုံးများပြားခဲ့မှု၊ ၂၀၂၁  နိုဝင်ဘာလက ဖရူဆိုမြို့ နယ်၊ မိုဆိုရွာအနီး လူ ၄၀ ကျော်ကို တပ်မ ၆၆ လက်အောက်ခံတပ်တွေက သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီလိုအထိနာခဲ့လို့ ၁ နှစ်အကြာ ၂၀၂၂ စက်တင်ဘာမှာပဲ စစ်ခေါင်းဆောင်တွေက တပ်မမှူး ဗိုလ်မှူးကြီး ကျော်လင်းအောင်ကို အနားပေးပြီး အရန်အင်အားကိုပို့ဆောင်လိုက်ကာ နောက်ထပ် တပ်မမှူး အသစ်တယောက်ကို အစားထိုးခဲ့ပါတယ်။ 

တပ်မမှူး ၁ ဦးရဲ့ သက်တမ်းကို ကာလအတိအကျ သတ်မှတ်ထားတာမျိုးမရှိပေမယ့် တပ်မမှူးအဆင့်ကနေ ရာထူးတိုးတက်ဖို့အတွက် တိုင်းမှူး သို့မဟုတ် အခြားဗိုလ်ချုပ်အဆင့် နေရာတခုလစ်လပ်တဲ့အထိ အနည်းဆုံး ၂ နှစ်ကနေ ၃ နှစ်အထိစောင့်ဆိုင်းရပြီး တာဝန်ယူစဉ်ကာလအတွင်း “ကွပ်ကဲမှုညံ့ဖျင်း”လို့ သတ်မှတ်ခံရတဲ့ တပ်မမှူးတွေမှာတော့ လပိုင်းကာလနဲ့တင် အနားပေးဖြုတ်ချခံရလေ့ရှိတယ်လို့ CDM တပ်မတော်သားတွေက ပြောပါတယ်။

ဗိုလ်မှူးကြီးကျော်လင်းအောင်ကို အနားပေးပြီးနောက်မှာတော့ DSA အပတ်စဉ် ၃၉ ဆင်း လက်ရှိ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း ရောက်ရှိလာကာ ကရင်နီပြည်နယ်အတွင်း ဆက်လက်တိုက်ခိုက်နေပါတယ်။

ဗိုလ်မှူးချုပ် ဝင်းသူလင်းဟာ တပ်မ ၆၆ ကို မရောက်မီက ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ မိုင်းပန်မြို့ အခြေစိုက် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၇)ရဲ့  စကခမှူး ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းက စစ်ကောင်စီတပ်သားတွေဟာ ၎င်းတို့အထက်အရာရှိတွေရဲ့  လူသားမဆန်တဲ့ အမိန့်တွေကြားမှာ အသေခံရုံသပ်သပ်ဖြစ်နေလို့ ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ယိုယွင်းပျက်စီးနေတယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

အဲ့ဒီလို အောက်ခြေတပ်သားတွေကို လူသားမဆန်တဲ့အမိန့်တွေစေခိုင်းကာ သတ်ကွင်းတွေထဲကို ချီတက်ခိုင်းတာအပြင် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဆေးကုသဖို့ခွင့်မပြုတာကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ဖြစ်စဉ်တွေအထိ ဖြစ်ပွားခဲ့တာတွေရှိတယ်လို့ ပြီးခဲ့တဲ့ မေလအတွင်းက တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ ကနေ ကရင်နီတပ်ဖွဲ့တွေထံ CDMပြုလုပ် ခိုလှုံလာတဲ့ တပ်သား ကိုချိုက ပြောဆိုပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံက သူတို့ရင်ဆိုင်တိုက်ခိုက်နေရတဲ့ တပ်မ ၆၆ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မြေပြင်က ဖရိုဖရဲဖြစ်နေတဲ့အခြေအနေကို အခုလိုရှင်းပြပါတယ်။ 

“သူတို့နောက်မှာ ကျန်နေတဲ့ မိသားစုတွေကို အသိပေးချင်တာက ရင်ဆိုင်တိုက်ပွဲတွေမှာ စကစဘက်က သူတို့အောက်ကကောင်တွေကို Human Wave ခေါ်မလား၊ ရှေ့မှာဒီလောက် အပုံလိုက်သေနေတာကို ပြန်မဆုတ်ခိုင်းဘူး။ အတင်းထပ်ပြီး တက်ခိုင်းနေတာ၊ သေရမှာသိသိကြီးနဲ့ ထပ်တက်ခိုင်းတော့ တက်ရပြီး အပုံလိုက်တွေသေကြတာ။ စစ်တိုက်နေတာနဲ့မတူဘူး သပ်သပ်အသေလာခံနေသလိုဖြစ်နေတယ်” 

#မြေလတ်အသံ

#တပ်မ၆၆ #ပဲခူး #ကရင်နီပြည်နယ် #တပ်မမှူး #တပ်ပျက် #ဗိုလ်မှူးချုပ် #ဗိုလ်ချူပ် #ဗိုလ်ချူပ်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10