ကလေးထောင်မှ နိုင်/ကျဥ်း ၂၈ ဦး ၂ နှစ်နီးပါးကြာ ခြေကျင်းခတ် တိုက်ပိတ်ခံခဲ့ရ

ကလေးထောင်မှ နိုင်/ကျဥ်း ၂၈ ဦး ၂ နှစ်နီးပါးကြာ ခြေကျင်းခတ် တိုက်ပိတ်ခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၂၈ ဦးဟာ ၂ နှစ်နီးပါးကြာ ခြေကျင်းခတ်ကာ တိုက်ပိတ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံကသိရပါတယ်။

ထောင်ဖောက်ရန်ကြံစည်မှုထဲပါဝင်ပတ်သက်နေတယ်လို့ ယူဆချက်နဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရတဲ့ ကိုဂျေညီညီမောင်၊ ကိုကျော်လင်းမောင်၊ ကိုအောင်သူလင်းအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၈ ဦးကို ထောင် အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်းပြီးနောက် ခြေကျင်းခတ်ကာ တိုက်ပိတ်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ ၂၈ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၂ မတ် ၁၅ ရက်ကစတင်ပြီး ၂၀၂၄ ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီကျော်အထိ စုစုပေါင်းရက်ပေါင်း ၆၄၃ ရက်ကြာ (၂နှစ်နီးပါး) တိုက်ပိတ်ခံခဲ့ရတာဖြစ်ပါတယ်လို့ဆိုပါတယ်။

"အကျဥ်းသားတွေကို ဒီလောက်အကြာကြီး ခြေကျင်းခတ်ခွင့် မရှိဘူး။ ထောင်အာဏာပိုင်တွေက အာဏာကို အလွဲသုံးစားလုပ်ပြီးမှ ခတ်ခဲ့တာ။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦး ကပြောပါတယ်။ 

ထောင်ဥပဒေအရအကျဥ်းသားတဦးကို ရက်ပေါင်း ၉၀ ထက်ပိုပြီး ခြေကျင်းခတ်ထားပါက ထောင်အာဏာပိုင် တွေကိုတင်ပြီး ခြေကျင်းဖြုတ်ပေးရန်တောင်းဆိုနိုင်တာကြောင့် အဲဒီနိုင်/ကျဥ်း ၂၈ ဦးဟာ ခြေကျင်းခတ်ခံရတဲ့ အချိန်ကာလ ၃ လကိုရောက်တိုင်း ခြေကျင်းဖြုတ်ပေးဖို့ကို တင်ပြတောင်းဆိုခဲ့ကြတယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ခြေကျင်းခတ်ခံလိုက်ရတဲ့ ၂၀၂၂ ခုနှစ်  ၁ နှစ်တာအတွင်း ၄ ကြိမ်အထိ ထောင်အာဏာပိုင်တွေကို တင်ပြတောင်း ဆိုခဲ့သော်လည်း ထောင်အာဏာပိုင်တွေက အာဏာကို အသုံးပြုပြီး အကျဉ်းထောင်ဥပဒေကို ပေါ်ပေါ်ထင်ထင် ဖောက်ဖျက်ကျူးလွန်ခဲ့ကြတဲ့အပြင် အကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြတယ်လို့ ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၁ နှစ်တာအတွင်း တနိုင်ငံလုံးရှိအကျဉ်းထောင်တွေမှာ ညှဥ်းပန်းနှိပ်စက်ပြီး တိုက်ပိတ်ခံရသူ တဲ့ နိုင်ငံရေးအကျဥ်းသား ၂၃၈ ဦးအထိရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ မှတ်တမ်းအရသိရပါတယ်။

  စာတည်း-လင်းဇေ

 #မြေလတ်အသံ

 #စစ်ကိုင်းတိုင်း #ကလေးမြို့ #အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသား #ခြေကျင်းခတ် #တိုက်ပိတ် #မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10