ကလေးနဲ့ NUG ထိန်းချုပ်နယ်မြေ ခမ်းပါတ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲမှု အနည်းဆုံးအရပ်သား ၃ ဦးသေဆုံး

ကလေးနဲ့ NUG ထိန်းချုပ်နယ်မြေ ခမ်းပါတ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲမှု အနည်းဆုံးအရပ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း(အထက်ပိုင်း) ၊ ကလေးမြို့နယ်နဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့ကို ဧပြီ ၂၂ ရက် ဒီကနေ့မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အနည်းဆုံး အရပ်သား  ၃ ဦး သေဆုံးပြီး ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကလေးမြို့နယ် ၊ စော်ဘွားရေရှင်ကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာနဲ့ ခမ်းပါတ်မြို့ အမှတ် ၁ ၊ အမှတ် ၄ ရပ်ကွက်စတဲ့နေရာတွေကို  ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ တလုံးနဲ့ တလုံးကမိနစ်ပိုင်းပဲခြားတယ် ကြဲသွားတာ။လတ်တလောသိထားတာက စော်ဘွားရေရှင်က ၁ ယောက်၊ ခမ်းပါတ်က ၂ ယောက်သေတယ်။ ဒဏ်ရာရတာက ခမ်းပါတ်က ၈ ယောက်၊ ရေရှင်က ၅ ယောက်” လို့ တမူးခရိုင်တပ်ရင်း ၄ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ကာ လူသေဆုံးမှုအရေအတွက်အတိအကျကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စော်ဘွားရေရှင်ကျေးရွာက နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိတယ်လို့ စော်ဘွားရေရှင်ဒေသခံတဦးကလည်း ပြောပါတယ်။

“ ရေရှင်ရွာကတော့ သေသွားတဲ့အမျိုးသမီးက ရင်သားနေရာလောက်ကနေ အပေါ်ပိုင်းတခုလုံး ပြတ်သွားတာ။ သူတို့(စစ်ကောင်စီ)က လူအိပ်တဲ့အချိန်လာပစ်သွားတာ။ သေဆုံးသူနဲ့ဒဏ်ရာရတဲ့ ၄ယောက်က မိသားစုဝင်တွေချည်းပဲ ” လို့ သူက ပြောပါတယ်။

လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စောဘွားရေရှင်ရွာဟာ ကလေးမြို့နယ်အတွင်း စစ်ရှောင်နေရတဲ့ ကျေးရွာတွေက ဒေသခံတွေ လာရောက်ခိုလှုံနေတဲ့ ကျေးရွာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“ ဗုံးသီးကျသွားတဲ့နေရာက ရွာအစွန်ဘက်ဆိုတော့ ရွာသားတွေ ပြောင်းရွှေ့တာမျိုးတော့သိပ်မရှိဘူး။ တချို့လောက်ပဲ ပစ္စည်းတွေသယ်ပြီးပြောင်းတာမျိုးတော့ ရှိတယ်။ ရွာထဲမှာ စစ်ရှောင်တွေလာရှောင်နေတာ အများကြီးပဲ ”လို့ စော်ဘွားရေရှင်ဒေသခံက ပြောပါတယ်။

တပြိုင်တည်းမှာပဲ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့ကို မနက် ၂ နာရီခွဲဝန်းကျင်က လေယာဉ်နဲ့ဗုံးကြဲလို့ အမှတ် ၁ နဲ့ အမှတ် ၄ ရပ်ကွက်က လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၂ ဦး သေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိကာ ဒဏ်ရာပြင်းထန်သူတွေလည်း ပါဝင်တယ်လို့  သိရပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ခမ်းပါတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနအောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး လက်ရှိအထိ ဆက်လက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကလေး #တမူး #ခါမ်းပါတ် #လေကြောင်းတိုက်ခိုက် #လူသေဆုံး #MilitaryCoup #Airstrike

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10