ကလေးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၅ လုံးပျက်စီး

ကလေးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၅ လုံးပျက်စီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မြောင်းဆုံကျေးရွာက နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီတပ်သားတွေက မတ် ၉ ရက်နဲ့ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကိုပစ်ခတ်ချိန် ကလေးမြို့နဲ့ ၇ မိုင်အကွာရှိ မြောက်ဆုံကျေးရွာကို ကျည်ကျရောက်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာပါ။ 

“နေအိမ်တလုံးဆို မနှစ်ကမှဆောက်ပြီးတာ။ ပြန်ကြည့်တော့ ရစရာကိုမရှိတော့ဘူး။ ဖြစ်နိုင်ရင် ရွာတွေဘက်ကို မပစ်ပါနဲ့လို့ပဲပြောချင်တယ်။ တိုက်ပွဲလည်းမရှိဘဲနဲ့ ဒီအတိုင်းလက်နက်ကြီးတွေနဲ့ ရမ်းထုနေတာ။ ကျနော်တို့လည်း ရွာထဲကိုဝင်မရဲတော့တဲ့အထိပဲ” လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြောင်းဆုံဒေသခံတဦးက ပြောပါတယ်။

အခုလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရတဲ့ မြောင်းဆုံကျေးရွာက ဒေသခံတွေဟာ ရွာထဲမှာကျန်နေခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို အစားသွားကျွေးဖို့နဲ့ ရွာထဲကို ပြန်ဝင်ရမှာကိုပါ ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ကလေးတောင်ပိုင်းရှိ မြောင်းဆုံ၊ ရှားတော၊ ဆည်းဆိုင်၊ ဆင်တော၊ လေးအိမ်စု၊ မြောင်းလှ၊ ကျွန်းတော စတဲ့ကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ၂ ပတ်ကျော်လောက် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

အခုလိုထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဒေသခံတွေဟာ အိမ်ကယူဆောင်လာတဲ့ စားနပ်ရိက္ခာတွေကုန်နေကာ ရွာထဲကို ပြန်ဝင်ယူဖို့ကိုလည်း ကြောက်လန့်နေရတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

“ကျနော်ကတော့ ကြိုတင်စုဆောင်းထားတော့ ရွာထဲကိုပြန်ယူစရာတော့မလိုဘူး။ တော်တော်များများကတော့ ချက်ပြုတ်ဖို့ ရွာထဲမှာပြန်ယူရတယ်။ သူတို့ (စစ်ကောင်စီက) လက်နက်ကြီးနဲ့ပစ်တော့ ဘယ်သူကပြန်ယူရဲမှာလဲ၊ အရင်ကဆို ရွာထဲမှာ လူလတ်ပိုင်းတချို့က နေခဲ့သေးတယ်။ အခုဆိုရွာထဲမှာ ဘယ်သူမှမနေရဲကြတော့ဘူး”လို့ သူက ဆက်ပြောပါတယ်။

အခုမတ်လအတွင်းမှာလည်း ဒေသခံတွေဟာ စိုက်ပျိုးထားတဲ့ဂျုံတွေကို ရိတ်သိမ်းချိန် ရောက်နေပေမယ့် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် ပြန်ရိတ်သိမ်းဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

လက်ရှိ တောထဲမှာ စစ်ရှောင်နေရတဲ့ဒေသခံတွေအနေနဲ့လည်း နေထိုင်ရခက်ခဲနေပြီး တချို့ဆို အမိုးအကာမရှိဘဲ တာလပတ်ကိုခင်းပြီး နေထိုင်နေရပါတယ်။ 

မြောင်းဆုံကျေးရွာမှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်တွေ ထိမှန်ပျက်စီးတာ အခုအကြိမ်နဲ့ဆို ၂ ကြိမ်ခန့်ရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလထဲမှာလည်း လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ပါသေးတယ်။

ကလေးမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ မတ် ၁၁ ရက်အထိ စစ်ကောင်စီဘက်က စစ်သား ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ 

ကလေးမြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာရှိတဲ့ ကျေးရွာတွေမှာ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့က ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်နေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကိုလည်း သိမ်းပိုက်ထားနိုင်တယ်လို့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #မြောင်းဆုံကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10