ကလေးမြို့ ကမ္ဘောဇဘဏ်၂ အနီး ဗုံးပေါက်ကွဲမှု ၅ နှစ်အရွယ်ကလေးတဦးနဲ့ အမျိုးသားတဦးသေဆုံး

ကလေးမြို့ ကမ္ဘောဇဘဏ်၂ အနီး ဗုံးပေါက်ကွဲမှု ၅ နှစ်အရွယ်ကလေးတဦးနဲ့ အမျိုးသားတဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက် ကမ္ဘောဇဘဏ် (၂ ) အနီး မတ်လ ၁၈ ရက် မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ၅ နှစ်အရွယ် ကလေးတဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးသွားသလို အမျိုးသမီး ၁ ဦးလည်းဒဏ်ရာရရှိသွားတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ကြို့သုံးပင်ရွာကနေ စစ်ရှောင်လာတဲ့ အမျိုးသမီး ၁ ဦးဟာ သူ့ရဲ့ ကလေး ၂ ယောက်နဲ့အတူ ကျေးရွာကိုပြန်ဖို့ သုံးဘီးဆိုင်ကယ် နဲ့ ပြန်လာချိန် ကမ္ဘောဇဘဏ် (၂) နားအရောက်မှာ ဗုံးပေါက်ကွဲလို့ သူ့ ရဲ့ ၅ နှစ်အရွယ် သား မောင်ထန်းရှန်ဗန်ဟာ နေရာမှာတင်ပွဲချင်းပြီးသေသွားပြီး သုံးဘီးမောင်းသူကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ဆိုပါတယ်။

“ဆိုင်ကယ်ပေါ်မှာ သူတို့မိသားစု ၃ ယောက် နဲ့ ဆိုက်ကယ်မောင်းသမား ၁ ယောက်ပါတယ်။ သူ့သား ၁ ယောက်ကတော့ ဘာထိခိုက်မှုမှ မရှိလိုက်ဘူး။ သုံးဘီးဆိုက်ကယ်သမားတော့ ပေါင်ထိသွားတယ်။ သွေးထွက်လွန်ပြီး ဆေးရုံရောက်တော့ ဆုံးသွားတယ်။ အဲဒီအမျိုးသမီးကတော့ ဒီနေ့တော့ခွဲစိပ်ရမယ်လို့ပြောတယ်” လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

ဗုံးထိမှန်ပြီးသေသွားတဲ့ သုံးဘီးဆိုင်ကယ်မောင်းသူဟာ စော်ဘွားရေရှင်ကျေးရွာက စစ်ရှောင်လာတဲ့သူ ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို မနေ့က ညနေ ၃ နာရီကျော်လောက်မှာ သူ့ရဲ့ကျေးရွာကို ပြန်သယ်ယူသွားတယ်လို့လည်း သိရပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကလေးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကလေးမြို့ပေါ် မှာရော မြို့နယ်တွေဘက်မှာရော နေရာအစုံမှာ တိုက်ပွဲတွေဖြစ်နေတယ်။ မနေ့က ဗုံးပေါက်တဲ့နေရာကလည်း စစ်တပ်ကလူတွေရှိတဲ့နေရာပဲ။ အဲ့ဘဏ်တွေကိုသွားရရင် သူတို့ကိုဖြတ်ပြီးမှသွားရတာ။ ကာကွယ်ရေးအဖွဲ့တွေဝင်ဖို့ မလွယ်တဲ့နေရာ” လို့ ဆိုပါတယ်။

ကလေးမြို့ပေါ်မှာလည်း ဗုံးတွေမကြာခဏပေါက်ကွဲတာ၊ ထိတွေ့မှုတွေလည်း မကြာခဏဖြစ်နေတဲ့အတွက် မြို့ပေါ်နေ ပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေမှာ မနေရဲတော့ဘဲ အခြားဆွေမျိုးတွေရှိရာနေရာကို ရှောင်တိမ်းနေကြရတယ်လို့လည်း ဆိုပါတယ်။

ကလေးမြို့ပေါ်မှာ ဒီရက်ပိုင်း ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် မြို့ပေါ်နေပြည်သူတွေဟာ အပြင်ထွက်ဖို့ကို ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

စာတည်း −လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့  #စမ်းမြို့ရပ်ကွက် #ကမ္ဘောဇဘဏ် #ဗုံးပေါက်ကွဲ #ကလေး #အမျိုးသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10