ကလေးမြောက်ပိုင်းတိုက်ပွဲမှာ ကာကွယ်ရေး ရဲဘော် ၂ ဦး သေဆုံး

ကလေးမြောက်ပိုင်းတိုက်ပွဲမှာ ကာကွယ်ရေး ရဲဘော် ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ကျောင်းတိုက်နဲ့ ဆည်တော်ဦးရွာအနီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ၂ ဘက်ကျဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁၆ ရက် မနေ့ကမနက်အစောပိုင်းကတည်းက ပစ်ခတ်မှုတွေစတင်ခဲ့ကာ စစ်ကောင်စီ ဘက်ကလည်း Mi 35နဲ့ မနက် ၇ နာရီခွဲဝန်းကျင်မှာ တကြိမ်၊ ၁၀ နာရီဝန်းကျင်က တကြိမ်၊ ညနေ ၆ နာရီဝန်းကျင်မှာတကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်တွေဘက်က ၂ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ချိန်နဲ့ လက်နက်ကြီးပစ်ချိန် ထိမှန်လို့ ပျူစောထီးတွေလည်း သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

“ရဲဘော်က ၂ ယောက် ကျတာ၊ တယောက်က စနိုက်ပါထိတာ၊ သူ့သူငယ်ချင်းထိတဲ့ဟာ သွားဆွဲရင်းနဲ့ Mi 35 ပစ်လို့ဝပ်နေတာမှာ အပေါ်ပိုင်းမှာ စခ တွေရှိနေတော့ အဲ့ဒါမှာ ပစ်ခံရတာ၊ နောက်တယောက် ကကျ လက်နက်ကြီးထိတာ၊ ကျတဲ့နေရာတော့ မတူဘူး Mission ကတော့ တခုတည်းပါ။”လို့ ကလေးဒေသခံ ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း SR 6 အဖွဲ့က အသက် ၂၄ နှစ်အရွယ် ရဲဘော် Nang Khua Khai နဲ့ HNB အဖွဲ့က ရဲဘော်တဦးတို့ သေဆုံးခဲ့တာပါ။ 

ကျောင်းတိုက်ရွာကိုတော့ လက်ရှိမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲအတွင်း လေကြောင်းကြဲခံရလို့ သေဆုံးဒဏ်ရာရတဲ့ ရွာသားအရေတွက် ၁၀ ဦးကျော် ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“သေတဲ့သူတွေ တော်တော်များတယ်၊ ပြည်သူတွေရော ပျူတွေရော၊ ဆေးရုံရောက်တဲ့သူတွေလည်း များတယ်၊ မိသားစုလိုက်တွေလည်း သေတယ်။”လို့ ကလေးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

လေကြောင်းပစ်ခတ်ချိန်ထိမှန်လို့ ကျောင်းတိုက်ရွာက အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး၊ ဖခင်ဖြစ်သူ အသက် ၇၀ အရွယ် ၁ ဦး နဲ့ နောက်ထပ်အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ်ထိခိုက်သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အတည်မပြုနိုင်သေးပါဘူး။ 

ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၂၀ ဦးကျော် သေဆုံးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်းတိုင်း #ကလေးမြို့ #ကျောင်းတိုက် #ဆည်တော်ဦးရွာ #လေကြောင်းပစ်ခတ် #စစ်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10