ကလေး ၄ ဦးအပါ ၇ ဦးကို ရပ်/ကျေး ပကဖတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှု ၈ လကြာအထိ အရေးမယူနိုင်သေး

ကလေး ၄ ဦးအပါ ၇ ဦးကို ရပ်/ကျေး ပကဖတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှု ၈ လကြာအထိ အရေးမယူနိုင်သေး

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတခုရဲ့ကျေးရွာပကဖအဖွဲ့ဝင် ၄ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၀ ရက်နေ့က အသက်မပြည့်သေးတဲ့ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် လူ ၇ ဦးကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ပေမယ့် ကျုးလွန်သူတွေကို ဒီနေ့အထိ အရေးမယူနိုင်သေးဘူးလို့ ချောင်းဦးမြို့နယ်က အမည်မဖော်လိုတဲ့ PDF အဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ဖြစ်ခဲ့တဲ့ အမှုကို ၈ လကြာပြီးမှ ထုတ်ဖော်ပြောကြားရတာနဲ့ပတ်သက်လို့လည်း PDF အဖွဲ့ဝင်တွေက အခုလိုရှင်းပြပါတယ်။

သူတို့အနေနဲ့ ကျူးလွန်သူတွေအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေနဲ့ပတ်သက်လို့ ပြစ်ဒဏ်စီရင်မှုအပိုင်းတွေကို‌ စောင့်ကြည့်နေခဲ့ပြီး လက်ရှိအချိန်ထိ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂုဏ်သိက္ခာပိုင်းအရ ၇ လကျော်အကြာမှ ထုတ်ဖော်ရတာလို့ သတင်းပေးပို့တဲ့ PDF အဖွဲ့ ဝင်က ပြောပါတယ်။

“သူတို့(ကျူးလွန်သူ)တွေကို စဖြစ်တဲ့ကာလတွေမှာ သူတို့ကို အရေးယူမယ်လို့ ထင်တယ်။ စောင့်လည်း စောင့်ကြည့်ခဲ့တယ်ပေါ့။ ဒါပေမဲ့ ဖြစ်တဲ့ကာလကနေ ခု ၇ လကျော်လောက်အထိ ပထမဆုံးအကြိမ် ဆိုတာမျိုးတောင် ရုံးချိန်းစစ်ဆေးတာမျိုး မရှိဘူး။ အမှုနဲ့ပတ်သက်လို့ ဘာမှတည်ဆောက်ထားတာလည်း မရှိဘူး။ ပြီးတော့ ဒီဖြစ်စဉ်က ကျနော်တို့ PDF တွေ အကုန်လုံးရဲ့ဂုဏ်သိက္ခာပိုင်းကိုလည်း ထိခိုက်တယ်။ အဲတာကြောင့် အခုကာလမှ သတင်းဌာနကနေတဆင့် ထုတ်ဖော်တာပါ” လို့ ပြောပါတယ်။

အသတ်ခံရသူ ၇ ဦးဟာ စစ်ကိုင်းမြို့နယ်၊ ပဲကုတိုးကျေးရွာက မမြင့်မိုရ်အေး ၁၅ နှစ်၊ မဖြူချစ် ၁၇ နှစ်၊ မစန်းစန်းငယ် ၁၉ နှစ်၊ မဇင်ဇင်မော် ၂၀ နှစ်၊ မောင်အောင်ကိုစန်း ၁၅ နှစ်၊ မောင်သက်ပိုင်ဦး ၁၆ နှစ်နဲ့ ကရင် ၂၆ နှစ်တို့ဖြစ်ကြပြီး၊ သူတို့ ၇ ဦးဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်မှာ ချောင်းဦးမြို့နယ်အတွင်း အခင်းဖြစ်ပွားတဲ့ကျေးရွာ နေအိမ်တွေကနေ လယ်ယာသုံးပစ္စည်းတွေကို ခိုးယူနေတယ်ဟုဆိုကာ ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးပြီး ရပ်/ကျေးပကဖတွေဆီကို အပ်နှံလိုက်ရာက အခုလို သတ်ဖြတ်မှုတွေ ကျုးလွန်းခဲ့တာဖြစ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ ကျေးရွာပကဖအမည်ကိုတော့ ကျေးရွာရဲ့လုံခြုံရေးအရ နာမည်ထည့်သွင်း မဖော်ပြဖို့ကို ဆက်သွယ်လာတဲ့ PDF တာဝန်ရှိသူက တောင်းဆိုပါတယ်။

 

"ဒီကလေးတွေက ချောင်းဦးနယ်ထဲကို ဘယ်လိုရောက်လာလဲ မသိဘူး။ အဲ့ဒီရွာထဲက အိမ်တွေမှာ ဗူးခွံ၊ ပုလင်းခွံ၊ အဲလိုတွေ လိုက်ယူရင်း ဒီလယ်ထွန်တဲ့သံထယ်တွေကိုပါ ယူနေတာကို ရွာသားတယောက်က မိပြီးတော့ ရပ်/ကျေးပကဖကို အပ်လိုက်တာ။ အဲဒီကလေးတွေ စုံစမ်းကြည့်တော့ စစ်ကိုင်းနယ်၊ ပဲကုတိုးရွာကလို့ သိရတာ” လို့ ချောင်းဦးမြို့နယ်အခြေစိုက် PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ချောင်းဦးမြို့နယ် ပကဖကနေ ဒီကလေးတွေကို လာရောက်ခေါ်ယူဖို့နဲ့ အာမခံပေးဖို့ သူတို့နေထိုင်ရာ ရွာက အုပ်ထိန်းသူတွေထံ ဆက်သွယ်အကြောင်းကြားပြီး ပြန်လွှတ်ပေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ ........ရပ်/ကျေးပကဖတွေက သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ 

“စစ်ကိုင်းဘက်က ကင်းထောက်တယောက်က လှမ်းပြောတာ။ ဒီကလေးတွေထဲမှာ တပ်မ ၃၃ က စစ်သား တယောက်ရဲ့ သားပါတယ်။ ကျန်တဲ့သူတွေကလည်း ဝန်ထမ်းသား၊ သမီးတွေဆိုပြီး။ အဲ့ဒီသတင်းကို ရပ်/ကျေးပကဖက မြို့နယ်ပကဖနဲ့ PDF တပ်ရင်းတွေကို အကြောင်းမကြားဘဲ။ သူတို့ကို အဲ့ဒီလိုသတ်လိုက်တာ" လို့ အထက်ပါ PDF အဖွဲ့ဝင်တဦးက ဆက်ပြောပါတယ်။

ဖမ်းဆီးထားသူ ၇ ဦးကို ချောင်းဦးမြို့နယ်၊ ...........ရပ်/ကျေးပကဖတာဝန်ခံ ရန်မျိုးအောင် (ခ) နိုင်မျိုးဇော် (ခ) ပြူးကြီးနဲ့ သူ့လက်အောက်က ရဲဘော် ဇော်ဝင်းနိုင်၊ သူရ၊ နောင်နောင်တို့က ဖမ်းဆီးပြီးနောက်တရက် သြဂုတ်လ ၃၀ ရက်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီးနောက် ၇ ဦးစလုံးကိုသတ်ဖြတ်ခဲ့တာလို့ မြေလတ်အသံကို ဆက်သွယ်အကြောင်းကြားလာပြီး ဓာတ်ပုံတွေပါ ပေးပို့လာပါတယ်။

ပေးပို့လာတဲ့ ပုံတွေအရ အသတ်ခံရသူတွေကို မသေဆုံးမီ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ သတ်ဖြတ် မြေမြှုပ်ထားပြီးနောက် ပြန်လည်ဖော်ယူစစ်ဆေးနေစဉ် ရိုက်ကူးထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ 

ဓာတ်ပုံမှတ်တမ်းတွေအရ သေဆုံးသူတွေအားလုံးရဲ့ လည်ပင်မှာ ပြတ်ရှဒဏ်ရာတွေ့ရသလို အမျိုသမီးငယ်တွေအားလုံးမှာလည်း အဝတ်အစားတွေကျွတ်နေတာ တွေ့ရပါတယ်။ အောက်ပိုင်းမှာ အဝတ်အစားမရှိဘဲ လည်ပင်းပြတ်ရှကာ ဗိုက်ပေါက်နေတဲ့ အမျိုးသမီးငယ်တဦးရဲ့ ပုံကိုလည်း တွေ့ရပါသေးတယ်။

 

ပြစ်မှူကျူးလွန်သူတွေကို ချောင်းဦး PDF တပ်ရင်းနဲ့ မြို့နယ်ပကဖတွေက စစ်ဆေးရာမှာ အဲဒီ ၇ ဦးကို သတ်ဖြတ်ခဲ့သလို အဓမ္မပြုကျင့်တာလည်း မှန်ကန်ကြောင်း ကိုယ်တိုင်ဝန်ခံထားပေမယ့် အဲ့ဒီအမှုနဲ့ပတ်သက်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်ရှိ ၇ လကျော်အချိန်ကြာတဲ့အထိ တစုံတရာအရေးယူဆောင်ရွက်တာမျိုး မရှိသေးဘဲ ကျူးလွန်ထားသူတွေဟာလည်း သာမန်တပ်ဖွဲ့ဝင်တွေလိုပဲ လှုပ်ရှားသွားလာဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

"သူတို့ ၄ ယောက်ကို စစ်ဆေးတော့ သူတို့ကိုယ်တိုင် ဝန်ခံတယ်။ စစ်ဆေးချက်တွေ ယူပြီးတော့ မြို့နယ်ပအဖကို အပ်လိုက်တယ်။ အမှုအစပိုင်းမှာ ပအဖက သူတို့ကို လွတ်ရက်မရှိ တရားခံလို ချုပ်ထားရမယ်ဆိုပြီး ထိန်းသိမ်းရေးစခန်းကို ပို့လိုက်တယ်။ နောက်ပိုင်းကျတော့ သူတို့ကို ကင်းစောင့်ခိုင်းတာ၊ ဂိတ်စစ်ခိုင်းတာ၊ သေနတ်တွေပေးကိုင်တာမျိုးတွေနဲ့ သာမန်ရဲဘော်တွေလို လွတ်လပ်စွာ သွားလာခွင့်တွေ ပေးထားတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ဆက်လက်ဆောင်ရွက်တာတွေ ဘာမှမတွေ့ရဘူးလို့" လို့ အဲ့ဒီ PDF တာဝန်ရှိသူက ပြောဆိုပါတယ်။

ကျူးလွန်ခဲ့တဲ့ ရပ်/ကျေး ပကဖ ခေါင်းဆောင်အပါအဝင် ၄ ဦးကို ဖမ်းဆီးစစ်ဆေးတာ၊ အလောင်းတွေကို ဖော်ယူတာ၊ အသတ်ခံရသူတွေရဲ့မိသားစုဝင်တွေကို ဆက်သွယ်ရာမှာ ဦးဆောင်ပြုလုပ်ခဲ့တဲ့ ချောင်းဦးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ခံကို မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်တာမှာတော့ ဖုန်းလက်ခံပြောဆိုတာမျိုး မရှိပါဘူး။ 

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေကို လက်ရှိထိန်းသိမ်းထားတဲ့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းရာမှာ အမည်မဖော်လိုတဲ့ ပအဖတာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးအနေနဲ့ ဖြေဆိုခွင့်မရှိသေးပါဘူးဗျ။ ဒီဖြစ်စဉ်က ကျနော်တို့အဆင့်ဆင့် တင်ထားတုန်းပဲ ရှိသေးတယ်ဗျ။ လတ်တလောအနေနဲ့ ဖြေဆိုဖို့အဆင်ပြေမှာ မဟုတ်သေးပါဘူး” လို့ သူကပြောပါတယ်။

ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အမှုကို အဆင့်ဆင့် တင်ပြထားတယ်လို့ ပြောဆိုပေမယ့် ဘယ်အဆင့်ထိ တင်ပြထားပြီး၊ အမှုအပေါ် ကိုင်တွယ်ဆောင်ရွက်မှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြောဆိုတာမျိုး မရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေနဲ့ ဆောင်ရွက်နေမှု အခြေအနေတွေကို သိရှိနိုင်ဖို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းရာမှာ “သိရတာနဲ့ ပြန်ပြောပေးပါမယ်” လို့ ဖြေဆိုထားပြီး ထပ်မံဖြေကြားတာမျိုးတော့ မရှိသေးပါဘူး။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10