ကသာမှာ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် အနီးနားကရွာကို မီးရှို့ပြီး အမျိုးသား ၇ ဦးကို သတ်သွား

ကသာမှာ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် အနီးနားကရွာကို မီးရှို့ပြီး အမျိုးသား ၇ ဦးကို သတ်သွား

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ တုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၇ ရက် မနက် ၁၀ နာရီအချိန်မှာ မီးရှို့ပြီး အမျိုးသား ၇ ဦးကို ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက တုတ်ကြီးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၃၀ ကျော် ပြာကျပျက်စီးခဲ့သလို အမည်မသိရသေးတဲ့ အမျိုးသား ၇ ဦးနဲ့ နွား ၂ ကောင်ကိုပါ ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ်။

"စကစတွေက တွေ့သမျှလူကို သေနတ်နဲ့ပစ်သတ်တယ်။ တချို့လူတွေကလည်း ပြေးနိုင်ပေမဲ့ ရုတ်တရက်မပြေးနိုင်သူတွေကတော့ ပစ်သတ်ခံရတာပေါ့။ မြစ်ကမ်းနံဘေးမှာ ၅ လောင်းတွေ့တယ်။ မီးလောင်တဲ့အိမ်ထဲမှာ အလောင်း၂ လောင်းတွေ့တယ်။ အလောင်းတွေကဘယ်သူ၊ ဘယ်ဝါဆိုတာ မသိရဘူး" လို့ ကသာမြို့ဒေသခံ အမျိုးသမီးတဦး ကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက တုတ်ကြီးကျေးရွာက ပြန်လည်ထွက်ခွာချိန် လက်နက်ကြီးတွေနဲ့ ရေနီကျေးရွာဘက်ကို ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းကိုထိမှန်ပြီး အဆောက်အအုံတချို့ ပျက်စီးကာ မီးလောင်သွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တုတ်ကြီးကျေးရွာကို မီးမရှို့မီ မနက် ၉ နာရီကျော်မှာ ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်း အတိုင်းဗန်းမော်မြို့ကိုသွားတဲ့ စစ်သင်္ဘော ၆ စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တုတ်ကြီးကျေးရွာ အနီးကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာသင်္ဘော ၁ စီးထိမှန်ခဲ့တာကြောင့် ရေလည်မှာ ကျောက်ချရပ်ထားခဲ့တယ်လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

အဲ့ဒီနောက် သင်္ဘောပေါ်ကနေ စစ်ကောင်စီတပ်သား ၅၀ ဦးကျော်က စက်လှေတစီးနဲ့ တုတ်ကြီးကျေးရွာကို သွားရောက်ပြီး နေအိမ်တွေကိုမီးရှို့ကာ အမျိုးသား ၇ ဦးကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

တုတ်ကြီးကျေးရွာကို မီးရှို့ကာ ဒေသခံတွေ သတ်ဖြတ်ပြီးနောက် စစ်ကောင်စီသင်္ဘောတွေက ဗန်းမော်ဘက်ကို ဆက်မသွားဘဲ ကသာမြို့ထဲကို ပြန်ဝင်သွားခဲ့ကာ စက်တင်ဘာ ၁၈ ရက်ဒီနေ့မနက်မှာတော့ အဲ့ဒီသင်္ဘော ၆ စီးဟာ ဗန်းမော်ဘက်ကို ထွက်သွားနေတယ်လို့ သိရပါတယ်။

ပုံစာ - တုတ်ကြီးကျေးရွာအနီး တိုက်ခိုက်ခံရသည့် စစ်ကောင်စီသင်္ဘောများကို မြင်တွေ့ရစဥ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ကသာ #ဧရာဝတီမြစ်ကြောင်း #စစ်ကောင်စီတပ် #ရေကြောင်းတိုက်ခိုက်ခံရ #ဒေသကာကွယ်ရေးတပ်ဖွဲ့ #ဒေသခံ #မီးရှို့ခံရ #ဖမ်းဆီးသတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10