ကသာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးကျည် နေအိမ်ထဲကျလို့ အမျိုးသမီး ၂ ဦးသေဆုံး

ကသာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးကျည် နေအိမ်ထဲကျလို့ အမျိုးသမီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်မှာ နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ထိမှန်တာကြောင့် နေအိမ်အတွင်းအိပ်နေတဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ၂ ဦးမှာ အမှတ် ၅ ရပ်ကွက်မှ တအိမ်တည်းအတူနေ အသက် ၁၆ နှစ်အရွယ်အမျိုးသမီးနဲ့ ၆၀ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး နေအိမ်အတွင်းကုတင်မှာ အိပ်နေချိန် ကုတင်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"လက်နက်ကြီးကျည်က အိမ်ခေါင်မိုးကို ဖောက်ပြီးကျတာ။ အိမ်ပါ မီးလောင်သွားတယ်။ သေဆုံးသူ ၂ ယောက်က မြေးဘောင်မတွေ"လို့ ကသာမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ယမန်နေ့ညပိုင်းက ကသာ-ထီးချိုင့်သွား ကားလမ်းမဘေးမှာတည်ရှိတဲ့ စစ်ကောင်စီ ခမရ ၃၀၉ တပ်ရင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးအလုံးရေ ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုတွေအတွင်း နောက်ဆုံးပစ်ခတ်တဲ့ လက်နက်ကြီးကျည်က သေဆုံးသူတွေရဲ့ နေအိမ်ကိုကျရောက်သွားခဲ့တာလို့ သူမကဆိုပါတယ်။

သေဆုံးသူအမျိုးသမီး ၂ ဦးကို နိုဝင်ဘာ ၁၄ ရက် ဒီကနေ့မှာ သင်္ဂြိုဟ်သွားမှာဖြစ်ကြောင်းသိရှိရပြီး အဆိုပါ အမှတ် ၃၀၉ တပ်ရင်းကနေ ညစဉ်နီးပါး လက်နက်ကြီးပစ်ခတ်မှုပြုလုပ်လေ့ရှိတယ်လို့ ကသာမြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ကသာမြို့မရဲစခန်းအနီး ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲလို့ ရဲစခန်းရှေ့မှာရှိတဲ့ နေအိမ်က အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကသာ #ခမရ၃၀၉ #လက်နက်ကြီး #ပစ်ခတ်မှု #အမျိုးသမီး၂ဦး #အရပ်သား #သေဆုံးမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10