ကသာမှာ PDF ၅ ဦးနဲ့ ပြည်သူ ၁ ဦး အသတ်ခံရ

ကသာမှာ PDF ၅ ဦးနဲ့ ပြည်သူ ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ပင်းမလွှတ်ရွာနဲ့ နကူးရွာမှာ ဒီဇင်ဘာ ၁၅ ရက်နဲ့ ၂၀ ရက်မှာ စစ်ကောင်စီစစ်ကြောင်းရဲ့ ပိတ်ဆို့ ဖမ်းဆီးတာကိုခံခဲ့ရတဲ့ PDF ၅ ဦးနဲ့ ပြည်သူ ၁ ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့မနက် ၇ နာရီဝန်းကျင်မှာ နကူး (ခ) မင်္ဂလာသုခရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ဖို့သွားတဲ့ မိုးတားတိုက်နယ် ပကဖ ဒရုန်းတပ်ဖွဲ့ဝင် ရဲဘော် ၃ ဦး စစ်ကောင်စီရဲ့ ကင်းပုန်းနဲ့တွေ့ပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါတယ်။  

“သတ်ပြီးတော့ ခန္ဓာကိုယ်တွေမှာ ကျားဘီလူးစစ်ကြောင်းဆိုပြီး စာရေးသွားသေးတယ်၊ အလောင်းက တော့ ပြန်ရပြီ၊ ပစ္စည်းတွေလည်း ပါသွားသေးတယ်၊ ဒရုန်း ၁ စီးရယ်၊ ပဒိန် (လက်လုပ်စိန်ပြောင်း) ၂ လက်၊ ပါရီ (Type 81 rifle) ၁ လက်၊ အတို ၁ လက် ပါသွားတယ်လို့ ကြားတယ်။” လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၅ ရက် မနက် ၆ နာရီကလည်း ကသာမြို့နဲ့ ၆ မိုင်အကွာ ပင်းမလွှတ်ရွာ အိမ် ၁ အိမ်မှာရှိနေတဲ့ ရဲဘော် ၂ ဦးနဲ့ အိမ်ရှင်အမျိုးသားကို တပ်မ ၈၈ လက်အောက်ခံ စစ်အုပ်စုက ဝင်ရောက် ဖမ်းဆီးပြီး နေအိမ်ဝန်းထဲမှာတင် နှိပ်စက်ကာ မနက် ၈နာရီမှာတော့ ရွာအနီးက ချောင်းစပ်မှာ လည်လှီး သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

“အိမ်နီးနားချင်းတွေကိုလည်း နှိပ်စက်တာကိုကြားအောင် ထွက်မသွားခိုင်းဘူး၊ အော်သံတွေ ကြားရတယ်ပေါ့၊ သူတို့(စကစ)က လက်သည်းတွေလည်းခွာတယ်၊ လက်တွေဆိုလည်း လက်ချောင်းတွေ မရှိတော့ဘူး၊ ဓားတွေနဲ့ အပိုင်းပိုင်းခုတ်ထားတာ၊ ချက်ချင်းကြီး မသတ်ဘူး နှိပ်စက်ပြီးမှ သတ်တာ၊ ကလေးတယောက်ကတော့ အရိုးတွေကိုပေါ်လို့ ခုတ်ပြီးခွာထားတာ။”လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ အမျိုးသမီးတဦးက ပြောပါတယ်။

အသတ်ခံရလို့ ကသာ ပကဖ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးတာဝန်ခံ ဘရန်ချောင်၊ ရဲဘော် ဂျက်လီ(ခ)အောင်ကျော်ဌေးနဲ့ အိမ်ရှင်အမျိုးသားတို့ သေဆုံးခဲ့ပြီး နေအိမ် ၄ လုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တပ်မ ၈၈ နဲ့ SNA ပူးပေါင်းစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့မနက်မှာ မိုးတား၊ နဘားလမ်းဆုံ၊ မင်္ဂလာသုခ စတဲ့နေရာတွေကို စစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာ ကသာမြို့ဘက်ကို ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီမနက်ပိုင်းမှာပဲ ကသာမြို့ရှိ စစ်ကောင်စီတပ်စွဲရာ ကျောက်တိုင်ကွင်းကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တဲ့အတွက် ကပ္ပလိပ်ရွာက အသက် ၁၇ နှစ်အရွယ် ပြည်သူ ၁ ဦး ထိမှန်သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိထားတယ်လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

ပုံစာ - ဒီဇင်ဘာ ၂၀ ရက်တွင် အသတ်ခံရသည့် ရဲဘော် ၃ ဦး။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကသာ #PDF #ဒေသခံ #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10