ကာမစစ်ဘီလူးများလက်ထဲ အသက်၊ ခန္ဓာပေးလိုက်ရသည့် “မရွှေမန်းသူ”

ကာမစစ်ဘီလူးများလက်ထဲ အသက်၊ ခန္ဓာပေးလိုက်ရသည့် “မရွှေမန်းသူ”

တဖက်အခန်းထဲမှ ယောင်းမဖြစ်သူ၏ နာကျင်အော်ဟစ်သံများ၊ စစ်ကောင်စီတပ်သားများ၏ လှောင်ရယ်သံ၊ ဆဲဆိုသံများကို မလှလှ*၏နားထဲ ယနေ့အထိ ကြားယောင်နေဆဲပင်။ စစ်ကောင်စီတပ်သားများ၏ ထိုအသံများကို မိစ္ဆာကောင်များ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသံများအဖြစ်သာ သူက ထင်မှတ်မိနေသည်။ 

ယောင်းမဖြစ်သူ မရွှေမန်းသူက ငိုယိုပြီး တောင်းပန်ပြောဆိုနေသည့်တိုင် စစ်ကောင်စီတပ်သားများက "မအော်နဲ့ အော်ရင် သတ်ပစ်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယူထားတာ တော်တော်ရွတဲ့ကောင်မ" ဟူသော မကြားဝံ့မနာသာ ထပ်တလဲလဲခြိမ်းခြောက်ပြောဆိုသံများကို သူအတိုင်းသား ကြားနေခဲ့ရသည်။ 

သြဂုတ် ၂၆ ရက်က စစ်ကိုင်း-ရွှေဘိုကားလမ်းမဘေးက လက်ဖက်ရည်ဆိုင်အတွင်းရှိ အခန်းတခုထဲတွင် မလှလှ ဖမ်းချုပ်ခံထားရစဉ် ဘေးကပ်လျက်အခန်းထဲက သူ့ယောင်းမကို စစ်ကောင်စီတပ်သား တယောက်ပြီး တယောက် ထိုသို့ ခြိမ်းခြောက်ပြောဆိုရင်း အဓမ္မပြုကျင့်ခဲ့သည်ဟု သူကပြောသည်။  

ထိုနေ့က စစ်ကောင်စီစစ်ကြောင်းဟာ ကျီးကန်မြောက်ရွာကို ရောက်လာပြီး ရှောင်ပုန်းနေသည့် ရွာသားများကို ရှာတွေ့သွားသည့်အခါ ယာယီအထိုင်ချရာ အဆိုပါလက်ဖက်ရည်ဆိုင်တွင် မလှလှ၊ မရွှေမန်းသူ၊  မရွှေမန်းသူ၏ အဖေနှင့် အမေ အပါအဝင် စုစုပေါင်း ရွာသား ၆‌ ယောက်ကို ဖမ်းချုပ်ထားခဲ့သည်။  

မလှလှနှင့် မရွှေမန်းသူကို လက်ဖက်ရည်ဆိုင်အတွင်းပိုင်း ကပ်လျက်အခန်း ၂ ခုတွင် သီးခြားချုပ်ထားလိုက်သည်။ မရွှေမန်းသူအမေကို နောက်ထပ်အခန်းတခုတွင် ချုပ်ထားသည်။ မရွှေမန်းသူအဖေနှင့် နောက်ထပ် အမျိုးသား ၃ ဦးကို လက်ဖက်ရည်ဆိုင်၏ အရှေ့ဘက် အခန်းတွင်ထည့်ထားလိုက်သည်။

ထိုနေ့ မတိုင်ခင်တရက်အလို ဩဂုတ် ၂၅ ရက်တွင် စစ်ကိုင်းမြို့ အခြေစိုက်သည့် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတခုသည် ကျီးကန်မြောက်ရွာ၏ တောင်ဘက် ၄ မိုင်ကျော်အကွာအဝေးမှာရှိသည့် ရွာသာကြီးကျေးရွာကို ဦးစွာဝင်ရောက်ခဲ့သည်။ 

မည်သည့်တပ်ရင်းဖြစ်ကြောင်း တပ်ရင်းအမှတ်အသား နံပါတ်များကို အတိအကျမသိရသော်လည်း တပ်မ ၃၃ လက်အောက်ခံတပ်ရင်းများတွင် ဝက်လက်နယ်နှင့် အနီးဆုံးတပ်ရင်းများမှာ ရွှေဘိုမြို့ အခြေစိုက် ခမရ ၄၂ နှင့် ခမရ ၁၁၊ ကျောက်မြောင်းအခြေစိုက် ခမရ ၁၂ တပ်ရင်းများဖြစ်သည်။

စစ်ကြောင်းက ကျေးရွာနှင့် မလှမ်းမကမ်းသို့ ရောက်လာသည့်အတွက် ကျီးကန်မြောက်ရွာသားများသည် ဘေးလွတ်ရာသို့ ကြိုတင်ရှောင်တိမ်းကြသည်။ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များကလည်း ဒေသခံတွေကို ဘေးလွတ်ရာသို့ နေရာရွေ့ပြောင်းပေးလိုက်ကြသည်။ 

သို့သော် ရွာထဲသို့ စစ်ကြောင်းမဝင်လောက်ပါဘူး ဟူသောအတွေးဖြင့် ရွာခံအချို့ကတော့ ဘယ်ကိုမျှ ထွက်မပြေးကြ။ မလှလှတို့ မိသားစုသည်လည်း ထွက်မပြေး၊ မတိမ်းရှောင်ဘဲ အိမ်မှာသာ နေမြဲအတိုင်း နေခဲ့ကြသည်။ 

နောက်တနေ့ သြဂုတ် ၂၆ ရက် မနက် ၅ နာရီခန့်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ စက်သေနတ်တွေ တရစပ်ပစ်ခတ်လျက် ကျီးကန်မြောက်ရွာအနီးသို့ ချဉ်းကပ်လာကြသည်။ 

ထိုသို့ သေနတ်ပစ်ခတ်သံများကြားသည့်အခါ မလှလှ၊ ယောက္ခမများဖြစ်သည့် ဦးတင်ဆန်းနှင့် ဇနီး၊ ပြီးတော့ ယောင်းမဖြစ်သူ မရွှေမန်းသူတို့သည် ကျေးရွာဘုန်းကြီးကျောင်းဘက်သို့ ထွက်ပြေးကြသည်။ လယ်ကန်စင်းရိုးအတိုင်း ထွက်ပြေးကြရာ ရွာအပြင်ဘက် မရောက်ခင်မှာဘဲ စစ်ကြောင်းရောက်လာသည့်အခါ ရွာထဲက ဘုန်းကြီးကျောင်းထဲကိုသာ ဝင်ပုန်းနေလိုက်ကြရသည်ဟု မလှလှက ပြောသည်။ 

သူတို့ဝင်ပုန်းရာ အေးမြရိပ်သာဘုန်းကြီးကျောင်းသည် စစ်ကောင်စီတပ်သားများ ယာယီအထိုင်ချမည့် လက်ဖက်ရည်ဆိုင်နှင့် ခြံဝန်းတခုသာ ခြားသည်။ ထိုဘုန်းကြီးကျောင်းဝန်းထဲတွင် မလှလှတို့မိသားစုအပါအဝင် ဝင်ပုန်းကြသည့် ကျေးရွာသား ၃၀ ခန့်ရှိနေကြသည်။ 

စစ်ကောင်စီတပ်သားများသည် ရွှေဘို-မန္တလေးကားလမ်းမဘေးက ထိုလက်ဖက်ရည်ဆိုင်တွင် ရပ်လိုက်ကြပြီး လူအရိပ်အခြေကြည့်သည်။ ပြီးနောက် မလှလှတို့ ဝင်ပုန်းနေသည့် ဘုန်းကြီးကျောင်းဝန်းထဲသို့ စစ်ကောင်စီတပ်သား ၂၀ ကျော်လောက် ရောက်ချလာသည်။ 

မလှလှနှင့်အတူ ပုန်းနေသူများကို ထိုစစ်ကောင်စီတပ်သားများက တွေ့သွားပြီး တနေရာတွင် တန်းစီထိုင်ခိုင်းကာ “မော့မကြည့်နဲ့ ပစ်သတ်မှာ” ဟု ခြိမ်းခြောက်သည်။ 

ထို့နောက် စစ်ကောင်စီတပ်သားများက ရွာသားများ၏ ဖုန်းများကို သိမ်းယူလိုက်ပြီး ပစ္စည်းများကို ရှာဖွေစစ်ဆေးသည်။  

စပါးပွဲစားတဦး၏ ကားထဲမှ ငွေသိန်း ၅၃၀ ကို တွေ့သည့်အခါ စစ်ကောင်စီတပ်သားများက သိမ်းဆည်းလိုက်သည်။ ပြီးနောက် မလှလှ၏ ယောင်းမဖြစ်သူ မရွှေမန်းသူထံမှ PDF အင်္ကျီတထည်ကို စစ်တပ်က တွေ့သွားရာ မရွှေမန်းသူကို ဖမ်းဆီးလိုက်သည်။ ပြီးလျှင် မရွှေမန်းသူ၏ အဖေဖြစ်သူ ဦးတင်ဆန်း၊ အမေနှင့် မလှလှကိုပါ ဖမ်းဆီးလိုက်သည်။ 

မရွှေမန်းသူမှာ အသက် ၂၀ အရွယ်ဖြစ်ပြီး အမျိုးသားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဖြစ်သည်။

ပြီးလျှင် စစ်တပ်က ကျီးကန်မြောက်ရွာသား ဦးဟန်ဆွေနှင့် ကျီးကန်တောင်ရွာသား ကိုနိုင်လင်းကိုလည်း ဖမ်းဆီးလိုက်သည်။ 

အားလုံးစစ်ဆေးပြီးသည့်အခါမှာတော့ စစ်တပ်က မရွှေမန်းသူ၊ ဦးတင်ဆန်း၊ ဦးဟန်ဆွေ၊ ကိုနိုင်လင်းတို့ ၄ ဦးကို လက်ပြန်ကြိုးတုပ်လိုက်သည်။ မရွှေမန်းသူ အမေနှင့် မလှလှကိုတော့ ကြိုးမတုပ်။

အဲဒီနောက်မှာတော့ စစ်တပ်က သူတို့ ၆ ယောက်ကို လက်ဖက်ရည်ဆိုင်ဆီသို့ ခေါ်ဆောင်သွားကြသည်။ 

လက်ဖက်ရည်ဆိုင်သည် ရှေ့ဘက်က လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အနောက်ဘက်တွင် RC တထပ်တိုက် ဖြစ်သည်။  ထိုတိုက်အတွင်းရှိ အခန်း ၃ ခန်းတွင် အမျိုးသမီး ၃ ဦးကို တခန်းစီထည့်ပိတ်ထားသည်။ အမျိုးသား သုံးဦးကိုတော့ တိုက်၏အရှေ့ခန်းတွင် ထားသည်။ 

မရွှေမန်းသူကို ထည့်ထားသည့်အခန်းမှာ မလှလှနှင့် အခန်းချင်းကပ်လျက်ဖြစ်သည်။ ထို့ကြောင့် မရွှေမန်းသူကို စစ်ကောင်စီတပ်သားများက မေးမြန်းသမျှ သူအကုန်ကြားနေရသည်။ စစ်သားများက မရွှေမန်းသူကို မည်သည့် အချိန်က အိမ်ထောင်ကျလဲ၊ ကလေးရပြီလား စသည့်မေးခွန်းများမေးသည်။

"ကလေးရတော့ရော မင်းက မသတ်ဘဲနေမှာမို့လား။ ပဒက် (PDF)ပေါက်ကလေးတွေ မွေးခိုင်းချင်လို့လားဆိုပြီး သူတို့အချင်းချင်းပြောနေကြတယ်" ဟု သူကြားခဲ့ရသည့် စစ်ကောင်စီတပ်သားများအပြန်အလှန်ပြောကြသည့် စကားများကို မလှလှက ပြန်ပြောပြသည်။

စစ်ကောင်စီတပ်သားများသည် မရွှေမန်းသူကို နောက်ထပ်ထွေထွေထူးထူးစစ်ဆေးမြန်းတာ မရှိ။ မကြားဝံ့မနာသာ စကားများ ပြောကာ ဆဲဆိုပြီးတဲ့နောက်မှာတော့ မရွှေမန်းသူကို စစ်ကောင်စီတပ်သားများက အဓမ္မပြုကျင့်ကြသည်။

မရွှေမန်းသူက "မလုပ်ပါနဲ့။ ကျွန်မမှာ ကာမပိုင်လင်ယောကျာ်းရှိပါတယ်” ဟု ငိုယိုအော်ဟစ်ကာ တောင်းပန်သော်လည်းမရ။ စစ်သားများက တယောက်ပြီး တယောက် လူလဲကာ အဓမ္မပြုကျင့်သည့် အသံများကို အတိုင်းသားကြားနေရသည်ဟု မလှလှက ပြောသည်။ 

မရွှေမန်းသူ၏ မိခင်မှာ သမီးဖြစ်သူအခန်းနှင့် လျှောက်လမ်းတခုခြားသည်။ ထို့အပြင် သူက နားလေးသူ တယောက်ဖြစ်ရာ သမီးဖြစ်သူနှင့် စစ်ကောင်စီတပ်သားများ ပြောဆိုနေကြသည့်အသံကို မကြားရသော်လည်း သူ့သမီး၏ အော်သံများကိုတော့ ကြားနေရသည်ဟု ဆိုသည်။ 

"သမီးအော်သံကိုကြားတော့ ကျွန်မအရမ်းခံစားတယ်။ ကျွန်မလက်နဲ့ သူတို့ကို ပြန်သတ်ပစ်ချင်တယ်" ဟု မရွှေမန်းသူ၏ မိခင်က ငိုလျက် မြေလတ်အသံကို ပြောသည်။

မနက် ၆ နာရီကတည်းက ဘုန်းကြီးကျောင်းအတွင်းကနေ မရွှေမန်းသူတို့ကိုခေါ်လာခဲ့ခြင်းဖြစ်သည်။ မွန်းလွဲ ၁ နာရီကျော်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မရွှေမန်းသူကို ဖမ်းချုပ်ထားသည့်အခန်းထဲသို့ ဝင်လိုက် ထွက်လိုက်နှင့်။ 

ထို့နောက် စစ်သားများက မရွှေမန်းသူကို PDF ယူနီဖောင်းဖြစ်သည့် ပြောက်ကျားဘောင်းဘီနှင့် အနက်ရောင် ရှပ်အင်္ကျီကို ဝတ်ခိုင်းသည်။ အဲ့ဒီနောက် အမျိုးသား ၃ ဦးနှင့် မရွှေမန်းသူကိုလည်း အခန်းထဲမှ ခေါ်ထုတ်သွားသည်။ 

မလှလှနှင့် မရွှေမန်းသူ၏ အမေကိုတော့ အခန်းထဲမှ မထွက်ရန်နှင့် သူတို့ပြန်လာသည့်အခါ မတွေ့ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အပြင်ကနေ အခန်းကို ကလန့်ချသွားသည်ဟု မလှလှက ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျီးကန်မြောက်ရွာက ပြန်ထွက်သွားပြီးနောက် ညနေအချိန် ဒေသကာကွယ်ရေးတပ်များ ရောက်လာသည့်အခါမှ မလှလှနှင့် သူ၏ယောက္ခမ (မရွှေမန်းသူအမေ)တို့သည်  အခန်းထဲက ထွက်ခွင့်ရခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးတင်ဆန်း၊ မရွှေမန်းသူ၊ ဦးဟန်ဆွေနှင့် ကိုနိုင်လင်းတို့ကို ကျီးကန်မြောက်ရွာ၏  မြောက်ဘက်ရှိ လှတောကျေးရွာရဲစခန်းဘက်ကို ခေါ်ဆောင်သွားသည်။

လှတောကျေးရွာရဲစခန်းနှင့် ကျီးကန်မြောက်ရွာမှာ ၁၀ မိနစ်ခန့်လမ်းလျှောက်လျှင်ရောက်သည်။ အဖမ်းခံရသူ ၄ ဦးမှာ လှတောရဲစခန်းပင် မရောက်လိုက်၊ လမ်းတဝက်ရှိ သရက်ခြံထဲတွင် ၄ ဦးစလုံး အသတ်ခံလိုက်ရသည်။

သေဆုံးအလောင်းများကို ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေး အဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ရာမှ တွေ့ရှိခဲ့လေသည်။ အားလုံးကို လည်ပင်းလှီးကာ သတ်ဖြတ်ခံထားရခြင်းဖြစ်သည်။  လက်များတွင် ဓားဖြင့်မွှန်းထားသည့်အရာများကိုလည်း တွေ့ရသည်။ 

မရွှေမန်းသူကို အဆိုပါ သရက်ခြံထဲတွင် စစ်ကောင်စီတပ်သားတွေက ထပ်မံအဓမ္မပြုကျင့်ခဲ့သည့် လက္ခဏာများကို တွေ့ရသည်။ ပက်လက်အနေအထားနှင့် သေဆုံးနေသည့် မရွှေမန်းသူဟာ သူဝတ်ဆင်ထားသည့် ပြောက်ကျားဘောင်းဘီက ကျွတ်နေပြီး မိန်းမအင်္ဂါတွင် Royal-D အချိုရည်ဗူးခွံ ထိုးထည့်ခံထားရသည်။ 

ထို့အပြင် လည်ပင်းတွင် ဓားနှင့်ထိုးစိုက်ထားသည့်ဒဏ်ရာ၊ လက်တွင် ဓားနှင့် မွှန်းထားသည့် ဒဏ်ရာ၊ လည်ပင်း လှီးဖြတ်ခံထားရသည့် ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု မလှလှက ဆိုသည်။ 

မရွှေမန်းသူနားတွင် ဝတ်ဆင်ထားသည့် နားကပ်ကိုလည်း နားအဖျားဖြတ်ကာ ဖြုတ်ယူထားသည်။ နားနှစ်ဖက်လုံးတွင် ဓားနှင့်လှီးဖြတ်ထားသည့် ဒဏ်ရာရှိနေသည်။

"ဒီကောင်တွေ ရက်ရက်စက်စက်လုပ်သွားတာ။ မုန်းလည်း မုန်းတယ်။ နာလည်း နာကျည်းတယ်" ဟု မရွှေမန်းသူ၏ ယောင်းမဖြစ်သူ မလှလှက ပြောသည်။

ယင်းနေ့ နေ့လယ်အချိန်အတွင် မိသားစုဝင်များက အလောင်းများကို သင်္ဂြိုဟ်ပေးခဲ့ကြသည်။ ကျီးကန်တောင်ရွာသား ကိုနိုင်လင်း၏ အလောင်းကိုတော့ မိဘများက လာသယ်သွားကြသည်။

ညနေပိုင်းအချိန်တွင် စစ်ကောင်စီစစ်ကြောင်းက ဝက်လက်မြို့မှ ပြန်ထွက်လာသည်ဟူသော သတင်းကြောင့် ကျီးကန်မြောက်ရွာက ဒေသခံများသည် ရွာလုံးကျွတ် ထပ်မံရှောင်တိမ်းခဲ့ရပြန်သည်။

ထို့ကြောင့် သေဆုံးသူများအတွက် မိသားစုဝင်များက နာရေးရက်လည် မဆိုထားနှင့် လွမ်းတရားကိုပင် မနာလိုက်ရ။ ဘေးလွတ်ရာသို့ ကပျာကယာ ထွက်ပြေးလိုက်ရသည်။ 

"ကျမ စိတ်ထဲမှာ ရွှေမန်းသူရဲ့ အော်သံပဲကြားနေရတယ်။ ဒီကောင်တွေကို သတ်ချင်တာပဲ သိတယ်" ဟု မလှလှက ပြောသည်။ 

( * လုံခြုံရေးအရ မလှလှဟု အမည်လွှဲထားခြင်းဖြစ်သည်။ )

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက်မြို့ #ကျီးကန်မြောက်ရွာ #လှတော #တပ်မ၃၃ #မုဒိမ်းကျင့် #စစ်တပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10