ကောလင်းတိုက်ပွဲ ၅ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေ၊ PDF ၆ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးထား

ကောလင်းတိုက်ပွဲ ၅ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေ၊ PDF ၆ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးထား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တကျော့ပြန် တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၆ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးထားပြီး ဖေဖော်ဝါရီ ၇ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၄ ရက်မှာ စစ်ကောင်စီတပ်တွေပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကောလင်းတပ်ရင်း ၂ က စခန်းမှူး အပါအဝင် ရဲဘော် ၄ ဦးနဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါတပ်ရင်း ၂ မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၆ ရက်မနေ့ကညပိုင်းမှာလည်း စစ်တပ်ကရဟတ်ယာဥ်နဲ့ ကောလင်းမြို့အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂၈ နှစ်နဲ့ ၇၄ နှစ်အရွယ် ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ကောလင်းပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ 

လက်ရှိမှာ ကောလင်းမြို့ကို ဝိုင်းပြီးတိုက်နေတဲ့စစ်ကြောင်းက မြို့ထဲကိုဝင်ရောက်ဖို့ကြိုးစားတာကြောင့် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး မနေ့ကလည်း စစ်ကောင်စီဘက်က အထိနာကာ တပ်ပြန်ဆုတ်ခဲ့တာကြောင့် လက်နက်ကြီးတွေနဲ့ မိုင်းအချို့ကို ရရှိလိုက်တယ်လို့ ကောလင်းပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

"မနေ့က (ဇန်နဝါရီ ၆) ပထမဆုံးလာတဲ့စစ်ကြောင်းက မြို့ထဲကိုဝင်ဖို့ကြိုးစားတဲ့အချိန်မှာ ဒီဘက်က ဝိုင်းတိုက်ကြတော့ အကုန်ထွက်ပြေးကြတာ။ RPG တွေနဲ့ **မိုင်းတွေရလိုက်တယ်။ သူတို့ ရှေ့ဆက်တိုး မရတော့ဘူး"လို့ သူကပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီရဲ့ စစ်ကြောင်း ၃ ကြောင်းဟာ ကောလင်းမြို့ရဲ့ မြောက်ဘက်၊ အရှေ့ဘက်နဲ့တောင်ဘက် ၂ မိုင်ဝန်းကျင်အကွာမှာ ရှိနေတာလို့ သိရပါတယ်။

"အားလုံးကတော့ ကောလင်းနဲ့ မနီးမဝေးတွေချည်းပဲ"လို့ ကောလင်းပကဖက ပြောပါတယ်။

ကောလင်းမြို့ကိုလည်း တော်လှန်ရေးတပ်တွေက ကာထားပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းက တိုက်ခိုက်နေတဲ့အပြင် ဝန်းသိုဘက်ကလည်း ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ တိုက်ပွဲလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

"ဒီနေ့လည်း မိုးလင်းကတည်းက တအုံးအုံးနဲ့ စနေကြပြီ "လို့ ကောလင်းပကဖက မြေလတ်အသံကို ပြောပါတယ်။

ကောလင်းမြို့ဝန်းကျင်မှာ တော်လှန်ရေးတပ်တွေကာထားပြီး စစ်ကောင်စီတပ်တွေက ရှေ့ဆက် မတိုးနိုင် ဖြစ်နေကာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာဘက်ကနေလည်း နောက်ထပ် စစ်အင်အား ၅၀ ကျော် တိုးလာနေတယ်လို့သိရပါတယ်။

ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံ တော်လှန်ရေးပူးပေါင်း တပ်တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီးနောက် ၃ လကျော် အကြာ ဖေဖော်ဝါရီ ၃ ရက်မှာ စစ်ကောင်စီဟာ မြို့ကိုပြန်ရဖို့ အင်အားအများအပြားသုံးကာ ထိုးစစ်ဆင် တိုက်ခိုက်လာတာပါ။ 

အင်အားထောင်ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ၄ ကြောင်းခွဲကာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဘက်နဲ့ ဝန်သိုမြို့ဘက်တို့ကနေ စစ်ကြောင်းထိုးလာခဲ့ပြီးနောက် ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10