ကောလင်းမြို့ကို စစ်တပ်က မြေပြင်၊ဝေဟင် ၂ ခုနဲ့ တိုက်ခိုက်ထိုးစစ်ဆင်လာပေမယ့် ဆက်လက်ထိန်းချုပ်ထားနိုင်

ကောလင်းမြို့ကို စစ်တပ်က မြေပြင်၊ဝေဟင် ၂ ခုနဲ့ တိုက်ခိုက်ထိုးစစ်ဆင်လာပေမယ့် ဆက်လက်ထိန်းချုပ်ထားနိုင်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ မြေပြင်တပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က မြို့ကို ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

PDF က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို နိုဝင်ဘာ ၁၁ ရက် ဒီကနေ့ မနက် ၁၁ နာရီကျော် မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး မြေပြင်တပ်တွေကလည်း ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"မြို့ကိုသူတို့(စကစ) ပြန်ရချင်တာပါ။ ပြည်သူတွေကတော့ ရှောင်နေရတယ်" လို့ ကောလင်းမြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ကောလင်းမြို့ပေါ်နေရာတချို့ကို တိုက်လေယာဥ်နဲ့ ၄ မိနစ်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဝါးရုံးတုန်းရပ်ကွက်ဘက်မှာလည်း မိုးကောင်းတောင်ဘက်ကဆင်းလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ မြို့တွင်းရှိ PDF တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို မသိရှိရသေးဘဲ လက်ရှိမှာမြို့ပေါ်ကိုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းလည်း ပြန်လည်ဆုတ်ခွာသွားပြီလို့ အထက်ပါ အမျိုးသားကပြောပါတယ်။

ကောလင်းမြို့ကို PDFတွေက နိုဝင်ဘာ ၆ ရက်မနက်မှာ သိမ်းပိုက်ရရှိခဲ့ပြီးနောက် ၆ရက်အကြာမှာ စစ်ကောင်စီတပ်က အခုလိုလာရောက်တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅၀ဦးသေဆုံးပြီး ၂၁ ဦးလက်နက်ချကာ သေနတ်အလက် ၆၀ ကျော်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရုံးက နိုဝင်ဘာ ၁၀ ရက် မှာ ထုတ်ပြန်ခဲ့ပြီး PDFပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ - နိုဝင်ဘာ ၆ ရက်က ကောလင်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံလွှင့်ထူနေစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီတပ် #တိုက်ခိုက်မှု #လေကြောင်း #မြို့သိမ်းတိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10