ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလစစ်ကောင်စီစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေ စခန်းသိမ်းတိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ဒီနေ့မနက်အထိ တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီရဲ့ ဘန်ကာတွေအထိကို ပြန်ပြီး တိုက်ခိုက်သိမ်းထားနိုင်ပြီလို့ ဆိုပါတယ်။ 

"အခြေအနေကတော့ ကောင်းတယ်။ ဘန်ကာတွေအထိ သိမ်းနိုင်နေပြီ။ မနေ့ညက လေယာဥ်လာ ပစ်ပြီးမှကို တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲ"လို့ ရှေ့တန်းမှာပါဝင်တိုက်ခိုက်နေသူတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ  ၂၆ ရက် မနေ့က ညနေ ၄ နာရီနဲ့ ည ၇ နာရီတို့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ပါဘူး။ 

ဒါ့အပြင် မနေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျောက်တန်းကျေးရွာထဲက နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

သစ်ဖုလစခန်းဟာ ကောလင်းမြို့ရဲ့အရှေ့ဘက် ၁၂ မိုင်အကွာမှာရှိပြီး ကျောက်တန်းရွာရဲ့ အနောက်ဘက်ကပ်လျက် တောင်တန်းပေါ်မှာ တည်ရှိတာပါ။ 

အဲဒီစခန်းကို စစ်တပ်က ရိက္ခာဖြည့်တင်းဖို့ ဇန်နဝါရီလ ၂၀ ရက်မှာ ကျောက်တန်းကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူတွေနေအိမ်က ဆန်အိတ် ၁၅၀ ကျော်နဲ့ စျေးဆိုင်တွေထဲက ပစ္စည်းတွေကို သယ်ယူသွားခဲ့ပါသေးတယ်။ 

ဒေသခံကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီဘက်က ဖေဖာ်ဝါရီ ၃ ရက်ကစတင်ပြီး အင်အားသုံးပြန်လည်တိုက်ခိုက်ခဲ့ကာ ဖေဖော်ဝါရီဒုတိယပတ်အတွင်းမှာ မြို့ပေါ်ရပ်ကွက်တွေ ပြန်လည်ထိန်းချုပ်ထားပြီး ကျေးရွာဘက်တွေကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် နေ့စဥ်နီးပါး စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တို့ ထိတွေ့မှုတွေဖြစ်နေတာကြောင့် ကောလင်းမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာ ၂၀ ကျော်က လူဦးရေ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ပုံစာ- ကျောက်တန်းရွာမှဒေသခံများ၏နေအိမ်များမီးရှို့ခံထားရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီ #PDF #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10