ကောလင်းမြို့ KTV မှာ ပျော်ပါးနေကြတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ကောလင်းမြို့ KTV မှာ ပျော်ပါးနေကြတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က KTV တခုမှာ သောက်စားပျော်ပါးနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်မှာ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း ၁ က ပြောပါတယ်။

ကောလင်း-မန္တလေးကားလမ်းမဘေး ငပွေလေရပ်ကွက်မှာရှိတဲ့ KTV မှာ စစ်ကောင်စီတပ်သား ၈ ဦး သောက်စားပျော်ပါးနေတာကို ကောလင်းခရိုင်တပ်ရင်း ၁ က မီတာ ၃၀ အကွာကနေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က စစ်ကူတွေချက်ချင်းရောက်ရှိခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့က လက်ဦးမှုယူပြီး ပစ်တာ။ စကစဘက်ကလည်း ပြန်ပစ်တယ်။ သူတို့ဘက်က စက်လတ်တွေ ပါတယ်။ ပစ်ဖို့သွားတဲ့အချိန်မှာ စကစတွေမှာ သေနတ် ၁ လက်၊ ၂ လက်ပါတယ်ဆိုပြီး သွားပစ်တာ။ ဒါပေမဲ့ သူတို့ဆီမှာ လက်နက်အပြည့်အစုံပါတယ်။ စစ်ကူတွေလည်း ချက်ချင်းပဲရောက်လာတယ်။ ကျနော်တို့ မျက်မြင်ကတော့ ၄ ကောင်သေတယ်။ ဒဏ်ရာရပြီး သေတဲ့အကောင်တွေလည်းရှိနိုင် သေးတယ်" လို့ ကောလင်းခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

KTV မှာ ပျော်ပါးနေတဲ့ စစ်ကောင်စီတပ်သား ၈ ဦးဟာ KTV နဲ့  ၂ လမ်းကျော်က အမှတ် ၁  စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ အင်အား ၅၀ ကျော်ထဲက စစ်သားတွေဖြစ်တာကြောင့် စစ်ကူချက်ချင်းရောက်လာခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

KTV ထဲက စစ်ကောင်စီတပ်သား ၈ ဦးနဲ့ တိုက်ပွဲဖြစ်ပွားနေချိန် နောက်ထပ် တပ်သား ၄၀ ကျော်ခန့်က ဆိုင်ကယ်တွေနဲ့ စစ်ကူရောက်ရှိကာ စက်လတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် PDF ရဲဘော် ၁ ဦးရဲ့ပေါင်မှာ လက်နက်ကြီးထိမှန်တဲ့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက ညလုံးပေါက်လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်တာ၊ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့  ဖုန်း၊ မှတ်ပုံတင်တွေက အစ စစ်ဆေးတာတွေကို စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းအထိ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်မှာလည်း ကောလင်းမြို့ ရုပ်ရှင်ရုံမှာ ကင်းစောင့်ပြီး စခန်းကိုပြန်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးကို KBZဘဏ် ၂ အနီးအရောက်မှာ The Secret Warrior Kawlin အဖွဲ့က မိုင်း ၁ လုံးဆွဲ တိုက်ခိုက်ခံခဲ့ရာ စစ်သားသေဆုံးပြီး ရဲမှာဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကောလင်းခရိုင်တပ်ရင်း ၁ မှ ရဲဘော်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #KTV #စစ်ကောင်စီ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10