ကံထူးမရဲစခန်း ဖျက်ဆီးခံလိုက်ရပြီးနောက် စစ်တပ်က ရွာကို မီးဆက်တိုက်ရှို့နေ

ကံထူးမရဲစခန်း ဖျက်ဆီးခံလိုက်ရပြီးနောက် စစ်တပ်က ရွာကို မီးဆက်တိုက်ရှို့နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းကာ ဖျက်ဆီးပြီးနောက်မှာတော့ စစ်ကောင်စီက ကံထူးမကျေးရွာတဝိုက်ကို မီးရှို့နေတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။ 

ကံထူးမ‌ကျေးရွာ ရဲစခန်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းရှိ ဘန်ကာ ၆ ခုအနက် ၅ ခုကို မီးရှို့ဖျက်ဆီးကာ ရဲစခန်းအဆောက်အဦးကိုလည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးခဲ့ပါတယ်။  

အဲ့ဒီနောက် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ပထမအကြိမ် မီးရှို့ပြီး ဖေဖော်ဝါရီ ၂၅ ရက် ဒီမနက်ပိုင်းမှာ ဒုတိယအကြိမ် မီးထပ်ရှို့ခဲ့တာလို့ ဆိုပါတယ်။ 

 မီးက ၂ ခါမြောက်ရှို့တာ၊ ၂၃ရက်နေ့ကလည်း ရှို့တယ်၊ ကံထူးမရွာထဲက စစ်ကောင်စီအဖွဲ့က တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးတွေရှိတယ်၊ အဲ့အလောင်းတွေကို မီးရှို့ရင်း ကံထူးမကိုပါ မီးရှို့တာ၊ တိုက်ပွဲကလည်း နားလိုက် ပစ်လိုက်နဲ့ ဆက်ဖြစ်နေတုန်းပဲ။လို့ တန့်ဆည်ရဲဘော်တဦးက ပြောပါတယ်။

လက်ရှိကျေးရွာထဲမှာ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းနဲ့ ဝါသဝလက်အောက်ခံ ပျူစောထီး စစ်ကြောင်း ၂ ကြောင်းမှာ စုစုပေါင်းအင်အား ၁၅၀ ဝန်းကျင်ရှိနေတဲ့အတွက် ပျက်စီးမှု အသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။

ကံထူးမ ကျေးရွာမှာ နေအိမ် ၁၀၀၀ ကျော်နဲ့ လူဦးရေ  ၅၀၀၀ ဝန်းကျင်ရှိကာ အနီး ကျေးရွာတွေကလည်း အားထားရတဲ့ရွာကြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖေဖော်ဝါရီလ ၂၁ ရက် တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ကံထူးမရွာကို လေကြောင်းနဲ့ ၁၅ ကြိမ် ဗုံးကြဲခဲ့တဲ့အတွက် အဲ့ဒီနေ့မှာပဲ ကာကွယ်ရေးရဲဘော်တွေ ပြန်ဆုတ်ခွာခဲ့ရပြီး ဗုံးစထိမှန်လို့ နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလက်ရှိ တိုက်ပွဲတွေကြောင့် ကံထူးမ၊ အိုင်လျားရှည်၊ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ ကြက်ဆူကန်၊ မရမ်းမိ၊ သရက်ခါး၊ ရေရှင်ကုန်းကျေးရွာ အပါအဝင် ရွာ ၃၀ ကျော်က ပြည်သူ ၂ သောင်းနီးပါး စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#စစ်ကိုင်း #တန့်ဆည် #ကံထူးမရွာ #ရဲစခန်း #စစ်ကောင်စီ #မီးရှို့ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10