ကျပ် ၂ သောင်းတန် လက်ထဲမရောက်ရေး ဆုတောင်းနေရတဲ့ အညာပြည်သူတွေ

ကျပ် ၂ သောင်းတန် လက်ထဲမရောက်ရေး ဆုတောင်းနေရတဲ့ အညာပြည်သူတွေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာတည်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ်နဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တနှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဟုဆိုကာ ဇူလိုင် ၃၁ ရက်က ထုတ်ဝေခဲ့တဲ့ ကျပ် ၂ သောင်းတန်ဟာ အညာဒေသက ပြည်သူတွေကတော့ ဒီငွေစက္ကူကို သုံးစွဲဖို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အကြောင်းအရင်းကတော့ စစ်ကောင်စီကထုတ်ဝေတဲ့ ကျပ် ၂ သောင်းတန် ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလဗဟိုဘဏ်က တရားမဝင်ငွေကြေးအဖြစ် ကြေညာခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတချို့ကလည်း ကျပ် ၂ သောင်းတန် သုံးစွဲပါက အရေးယူမှုတွေပြုလုပ်မယ်ဆိုတဲ့ ကြေညာချက်တွေ ထွက်လာခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ 

တကယ့်လက်တွေ့မှာ ဒီထုတ်ပြန်ချက်ဟာ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ အားကောင်းတဲ့ အညာဒေသလိုနေရာက ပြည်သူတွေကို မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတချို့က ဝေဖန်ထောက်ပြပါတယ်။ 

NUG အစိုးရရဲ့ထုတ်ပြန်ချက်နည်းတူ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကောင်စီက အသစ်ထုတ်ဝေလိုက်တဲ့ ကျပ် ၂ သောင်းတန်ကို ပြည်သူတွေ အသုံးမပြုကြဖို့နဲ့ အသုံးပြုခွင့်လည်းမရှိကြောင်း အဲဒီပိုက်ဆံထုတ်ဝေခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတချို့ကလည်း ကျပ် ၂ သောင်းတန် ငွေစက္ကူကို တော်လှန်ရေးနယ်မြေတွေမှာ ယူဆောင်ခွင့်တားမြစ်ထားပြီး စစ်ဆေးတွေ့ ရှိခဲ့ရင်လည်း အပြစ်ပေး အရေးယူတာတွေ လုပ်ဆောင်မယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာခဲ့ကြပါတယ်။ 

အဲ့ဒီနောက်မှာတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့ပေါ်နေပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေအားကောင်းတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေအတွက်ကတော့ ကျပ် ၂ သောင်းတန် လက်ထဲရောက်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အပူတခုတိုးလာပြီး ကျပ် ၂ သောင်းတန် လက်ထဲ မရောက်လာပါစေနဲ့လို့သာ ဆုတောင်းနေကြရတယ်လို့ စစ်ကိုင်းမြို့ပေါ်က ဒေသခံတွေက ဆိုပါတယ်။ 

ကျပ် ၂ သောင်းတန် ငွေစက္ကူအသုံးမပြုရေး ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကလေးခရိုင် ပကဖ ကို ဩဂုတ် ၃၁ ရက်မှာ မြေလတ်အသံက ဆက်သွယ်မေးမြန်းရာမှာတော့ ပကဖတာဝန်ရှိသူတဦးက အခုလို ဖြေကြားပါတယ်။  

ကျနော်တို့ သက်ဆိုင်ရာတာဝန်ယူထားရတဲ့ ခရိုင်အလိုက် တားမြစ်တာပါ။ အခြားခရိုင်တွေလည်း သက်ဆိုင်ရာအလိုက် မြေပြင်အထိ ကြပ်မတ်ဆောင်ရွက်လာလိမ့်မယ်လို့ ထင်ပါတယ်။ တယောက်တည်း ၃ ကြိမ်အထိ တွေ့လာရရင်တော့ တရားဥပဒေကြောင်းအရ ဆောင်ရွက်ခံရမှာ ဖြစ်တယ်" လို့ ဆိုပါတယ်။

လက်နက်ကိုင်တွေ အားကောင်းတဲ့အညာဒေသမှာ စစ်ကောင်စီရဲ့လုပ်ငန်းစဥ်တွေ မကျယ်ပြန့်စေဖို့ ကာကွယ်ရေးအဖွဲ့အစည်းတချို့က အခုလို ပြင်းပြင်းထန်ထန် တားမြစ်စာတွေထုတ်ပြန်တာဟာ ဒေသခံပြည်သူတွေကို အကြပ်ရိုက်စေတယ်လို့ ရှုမြင်ကြတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ရှိနေပါသေးတယ်။

နည်းလမ်းမျိုးစုံနဲ့ ရောက်လာနိုင်တဲ့ ကျပ် ၂ သောင်းတန်ငွေစက္ကူကို ဒေသခံပြည်သူတွေက လက်မခံပါကလည်း စစ်ကောင်စီဘက်က အန္တရာယ်ပေးနိုင်သလို လက်ဝယ်ထားရှိပါကလည်း PDF တွေရဲ့ အရေးယူမှုကို ခံရနိုင်တာကြောင့် ဒီအခြေအနေဟာ ဒေသခံပြည်သူကို အင်မတန် အကြပ်ရိုက်စေတဲ့ အနေအထားဖြစ်စေတယ် လို့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်အင်အားစုမှ ရဲဘော် ကိုစနေက ပြောပါတယ်။ 

တရားမဝင်ဘူးဆိုတဲ့ ထုတ်ပြန်ချက်ကိုတော့ လက်ခံလို့ရတယ်။ အသုံးပြုတဲ့ပြည်သူတွေကို အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးကတော့ ကန့်ကွက်တယ်။ ပြည်သူကို မသုံးစွဲဖို့ပဲ စည်းရုံးလှုံဆော်လို့ရမယ်။ မဖြစ်မနေ သုံးရမယ့်အခြေနေမျိုးမှာကျ တားမြစ်လို့ မရတဲ့အနေထားပါ။ လို့ သူက ထပ်ပြောပါတယ်။

ဒီလိုအကြပ်အတည်းကို အဓိက ရင်ဆိုင်နေရတာဟာ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေထက် မြို့ပေါ်မှာ နေထိုင်ကြတဲ့ သူတွေပါ။  

PDF စိုးမိုးတဲ့ ကျေးရွာတွေဘက်က ပြည်သူတွေကတော့ ဘယ်လိုအခြေနေမှာမဆို ကျပ် ၂ သောင်းတန်ကို လုံးဝမသုံးဖို့ ဆုံးဖြတ်ထားကြပေမယ့် မြို့ပေါ်မှာနေထိုင်ရတဲ့ ပြည်သူတွေကတော့ ၂ သောင်းတန် သုံးဖို့ မသုံးဖို့ ကိစ္စနဲ့ပတ်သက်ပြီး အခက်ကြုံနေကြရပါတယ်။

ဒီ ၂ သောင်းတန် ကျနော်တို့ဆီရောက်လာမှာ အရမ်းစိုးရိမ်တယ်။ အဲဒီ ၂ သောင်းတန်က MOD ဘက်ကလည်း တရားမဝင်ဘူးဆိုထားတယ်။ ကိုယ့်ဆီရောက်လာလို့ မသုံးဘူးဆိုတဲ့ စကားကြားရင်လည်း စကစဘက်က ဖမ်းမယ်။ အဲ့လိုဆိုတော့ အတတ်နိုင်ဆုံးတော့ ရှောင်မှာပါ။ မရှောင်နိုင်တဲ့အဆုံး သုံးဆိုလည်း သုံးရမှာပေါ့လို့ အင်းတော်မြို့ပေါ်နေ ပြည်သူတဦးက ပြောပါတယ်။

ဒါကြောင့် ပြည်သူတချို့ကတော့ ကျပ် ၂ သောင်းတန်ကို လက်ထဲမထားရေးအတွက် ဦးတည်ပြီး လက်ထဲက အမြန်ဆုံးပြန်ထွက်သွားအောင် အရောင်းအဝယ် ခပ်မြန်မြန်လုပ်ပစ်မယ့်နည်းလမ်းနဲ့ ဖြေရှင်းဖို့ စီစဉ်ထားကြပါတယ်။

ကျပ် ၂ သောင်းတန်ကို လက်ဝယ်သုံးစွဲရင် တရားမဝင်ငွေကြေးကိုင်ဆောင်မှုနဲ့ ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေအပေါ်  ဒေသခံပြည်သူတချို့ကလည်း အဲဒီ ကျပ် ၂ သောင်းတန်ကို လက်နက်ကိုင်အဖွဲ့အစည်းတွေထံ လှူဒါန်းမယ်ဆိုရင် တရားဝင်ဖြစ်လား၊ လက်ခံမှာလားဆိုတဲ့ စောဒကတက် မေးခွန်းထုတ်တာတွေလည်း ရှိကြပါတယ်။  

စစ်ကောင်စီကတော့ ကျပ် ၂ သောင်းတန် ငွေစက္ကူကို အကန့်အသတ်နဲ့ထုတ်ဝေသွားမှာဖြစ်တယ်လို့ ကြေညာထားပေမယ့် ပမာဏဘယ်လောက်အထိ ထုတ်ဝေသွားမယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားခဲ့တာမရှိပါဘူး။ ဒါပေမဲ့ အဲဒီငွေစက္ကူအသစ် ထုတ်ဝေခဲ့တဲ့နောက်ပိုင်းမှာတော့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့သလို ကုန်ပစ္စည်းဈေးနူန်းတွေလည်း မြင့်တက်ခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်တပ်ကထုတ်ဝေတဲ့ ငွေစက္ကူအသစ်ဟာ ပြည်သူတွေလက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်သုံးစွဲတာ မရှိသေးသလို အညာဒေသက ပြည်သူတွေလက်ထဲလည်း ရောက်မလာသေးပါဘူး။ ဒါပေမဲ့ ဩဂုတ်လကုန် လစာထုတ်တဲ့အခါမှာ စစ်ကောင်စီဝန်ထမ်းတွေလက်ထဲကို ကျပ် ၂ သောင်း တန်တွေရောက်လာမှာ ဖြစ်တဲ့အတွက် အဲဒီကနေတဆင့် ပြည်သူတွေထံကိုလည်း အနှေးနဲ့အမြန် ရောက်လာတော့မှာပါ။  

ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုတွေကတော့ ဩဂုတ် ၈ ရက်မှာ တရားမဝင်စစ်အုပ်စုက ရိုက်နှိပ်ထားတဲ့ ကျပ် ၂ သောင်းတန် ငွေစက္ကူကို မီးရှို့ကာ ဆန္ဒပြခဲ့ကြပါတယ်။ 

ငွေကျပ် ၂ သောင်းတန်တွေကို ပြည်သူတွေ အသုံးမပြုကြဖို့ တိုက်တွန်းတဲ့အနေနဲ့  မီးရှို့တဲ့အစီစဥ်ကို ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ အဲ့ဒီသပိတ်အင်အားစုကော်မတီဝင် ကိုမျိုးမျိုးက ဆိုပါတယ်။ 

အာဏာသိမ်းစစ်အုပ်စုက တရားဝင်မှုမရှိသလို သူတို့တရားမဝင် ရိုက်နှိပ်ထားတဲ့ ကျပ် ၂ သောင်းတန် ငွေစက္ကူဟာလည်း တရားမဝင်ကြောင်း တော်လှန်ရေးအင်အားစုတွေက ကြေညာထားပြီး ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေးမှာ ကျရာအခန်းကဏ္ဍက ပါဝင်အားဖြည့်ကြဖို့ကိုလည်း အဲ့ဒီသပိတ်အင်အားစုတွေက တိုက်တွန်းခဲ့ကြပါသေးတယ်။

 PDF စိုးမိုးနယ်မြေတွေမှာ ကျပ် ၂ သောင်းတန် မကိုင်ဆောင်၊ မပျံ့ပွားဖို့ လုပ်ငန်းစဉ်တွေက လွယ်ကူနိုင်ပေမယ့် စစ်ကောင်စီတပ်တွေရှိရာ မြို့ပေါ်နေပြည်သူတွေနဲ့ ဈေးဆိုင်ပိုင်ရှင်တွေကတော့ ကျပ် ၂ သောင်းတန်ငွေစက္ကူ လက်ထဲမရောက်လာစေဖို့သာ ဆုတောင်းနေကြရပါတယ်။

ကိုယ်တွေဆီ ရောက်လာရင်လည်း လက်ထဲကြာကြာမထားဘူး။ တန်းလှည့်ထုတ်ပြီး သုံးပစ်မှာ။ လို့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နေ ပြည်သူတဦးက ပြောပါတယ်။

#မြေလတ်အသံ

#ကျပ်၂သောင်းတန် #PDF #မာရဝိဇယ #ဗုဒ္ဓရုပ်ပွားတော် #ဆင်ဖြူတော်ရဋ္ဌနန္ဒက #စစ်ကောင်စီ #မင်းအောင်လှိုင် #ဆောင်းပါး #သတင်းဆောင်းပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10