ကျေးရွာ PDF ခေါင်းဆောင်အမေကိုသတ်ပြီး ရွာကိုပါမီးရှို့သွားတဲ့ စစ်ကောင်စီတပ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကိုင်းရွာကနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့သွားတဲ့အပြင် အသက် ၇၀ ကျော်အဖွားတဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန္တပိုရွာမှာတညအိပ်စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ ဧပြီ ၂၁ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ အဲဒီရွာနဲ့ ရွာနားနီးစပ်ဖြစ်တဲ့ကိုင်းရွာထဲကို လက်နက်တွေပစ်ဖောက်ပြီးဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို ရွာခံ PDF ခေါင်းဆောင်အမေကိုလည်း သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

“အဖွားတယောက်ကိုတော့ နားထင်ကိုတေ့ပြီး ပစ်သွားတယ်။ အဖွားကလည်း အသက်ကြီးပြီဆိုတော့ဘာမှမဖြစ်လောက်ဘူးထင်ပြီး ရွာထဲမှာနေခဲ့တာဖြစ်ဖို့များတယ်။ လေတွေလည်းတိုက်နေတော့ မီးငြိမ်းဖို့ကခက်ခဲနေပါတယ်။ PDF တွေက တတ်နိုင်သမျှငြှိမ်းပေးနေပါတယ်” လို့ မြင်းခြံခရိုင်မှဒေသခံတဦးဖြစ်တဲ့ ကိုနွေဦးနိုင် ကပြောပါတယ်။

ကိုင်းရွာဟာအိမ်ခြေ ၁၀၀ ကျော်ရှိပြီးအခုလို မီးရှို့ခံရတာပထမအကြိမ်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဒေသခံတွေဟာကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကိုင်းရွာထဲက ပြည်သူတချို့ကို ဖမ်းဆီးထားတယ်လို့ ကြားသိရပေမယ့်လည်း သေချာအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကိုင်းရွာကိုမီးရှို့ပြီး နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာနဲ့တမိုင်ဝန်းကျင်ရှိတဲ့ ဥဒယရွာထဲကိုဝင်သွားပြီး ရွာထဲကနေအိမ်တွေကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီ ၂၀ ရက်ကလည်း ဆင်ချောင်းရွာက အိမ်ခြေ ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသလို ရန္တပိုရွာက ဆေးခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားပါသေးတယ်။

အခုလိုစစ်ကောင်စီတပ်သားတွေဟာ ကျေးရွာထဲဝင်ရောက် စစ်ကြောင်းထိုးနေတဲ့အတွက် ကိုင်း ကျေးရွာ၊ ဆင်ချောင်းရွာ၊ ညောင်တိုရွာ၊ ရန္တပိုရွာ၊ ဂင့်ဂဲရွာ စတဲ့ကျေးရွာက ဒေသခံ ၃၀၀၀ နီးပါးဟာ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေရသလို တချို့ကလည်း အခြားကျေးရွာတွေမှာ သွားရောက်ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ကိုင်းကျေးရွာ #စစ်တပ် #မီးရှို့ #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10