ကျွန်းလှမှာ စစ်တပ်က အမျိုးသား၂ ဦးကို သတ်ပြီး ထမင်းဆိုင်နဲ့ နေအိမ် ၁ လုံး မီးရှို့သွား

ကျွန်းလှမှာ စစ်တပ်က အမျိုးသား၂ ဦးကို သတ်ပြီး ထမင်းဆိုင်နဲ့ နေအိမ် ၁ လုံး မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ပေကြီးရွာက အမျိုးသား ၂ ဦးကို  စစ်တပ်ကသတ်ဖြတ်သွားသလို ထမင်းဆိုင် ၁ ဆိုင်နဲ့ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ပေကြီးရွာပကဖဆီက သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးဟာ ယမနေရွာကနေတဆင့် အဲဒီရွာနဲ့ ၁ မိုင်ဝန်းကျင်လောက်ဝေးတဲ့ ပေကြီးရွာထဲကို မတ် ၁၄ ရက် မနက် ၁၀ နာရီလောက်မှာ ဝင်ရောက်ပြီး အဲဒီရွာက အသက် ၃၀ ကျော်အရွယ် ကိုမျိုးမျိုးသိန်းကို ဖမ်းဆီးထားပြီး မတ် ၁၅ ရက်မှာ သတ်ဖြတ်ခဲ့တယ် လို့ဆိုပါတယ်။

“အဲဒီအစ်ကိုက ကျနော်တို့ကို ထမင်းချက်ကျွေးတဲ့ စားဖိုမှူးပါ။ အဲနေ့က ကျနော်တို့ဆီကနေအပြန် သူ့အိမ်မှာ အိပ်ပျော်နေချိန် ဖမ်းဆီးခံလိုက်ရတာ။ သူ့ရဲ့ခြေထောက်တွေကိုလည်း ရိုက်ချိုးသွားတယ်။ သူ့ခေါင်းတွေကိုလည်း ရိုက်နှက်သွားတယ်။ သူ့ကို နှိပ်စက်ပြီးမှ ဓားနဲ့ ၃ ချက်ထိုးသတ်သွားတာ” လို့ ပေကြီးရွာပကဖအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

အဆိုပါ ကိုမျိူးမျိုးသိန်းနဲ့အတူ နောက်ထပ်အမျိုးသား ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီ ၂ ဦးထဲမှာမှ ကိုမျိုးမျိုးသိန်းကိုသာ သတ်ခဲ့ပြီး ကျန်အမျိုးသား ၁ ဦး ကိုတော့လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

သေဆုံးသွားတဲ့ ကိုမျိုးမျိုးသိန်းရဲ့ ရုပ်အလောင်းကို  မတ် ၁၆ ရက် မနက်ပိုင်းမှာ ရွာအဝင်လမ်းမဘေးမှာ ဖျာနဲ့အုပ်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ ပေကြီးရွာမှာ တညအိပ်စခန်းချထားတဲ့ အဲဒီ စစ်ကောင်စီတပ်သားတွေဟာ မတ် ၁၅ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ပေကြီးရွာနဲ့ တမိုင်ဝန်းကျင်လောက်သာရှိတဲ့ ငှက်ပျောတိုင်းရွာသစ် မီးရုံးကို လူချိန်းဖို့ထွက်လာချိန် ထွက်ပြေးတိမ်းရှောင်နေတဲ့ အသက် ၃၅ နှစ် အရွယ် ကိုခင်မောင်ဦးကို တွေ့ရှိသွားပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဦးခေါင်းကိုဖြတ်ပြီး ကိုယ်တခြား ခေါင်းတခြားသတ်ဖြတ်ထားပါတယ်။

အဲဒီနောက် ငှက်ပျောတိုင်းရွာသစ် မီးရုံးကနေလူချိန်းပြီး ပေကြီးရွာထဲကို ပြန်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီ နီးပါးဖြစ်ပွားခဲ့ပါတယ်။ 

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး ကျေးရွာထဲသို့ ပြန်လည်ဝင်ရောက်လာချိန် ရွာထဲက စွမ်းထက်ထမင်းဆိုင်နဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

နေ့လယ် ၁၂ နာရီလောက်မှာ အဲဒီစစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဟာ ဇီးကုန်းရွာနားမှာရှိတဲ့ သကြားစက်ရုံထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတချို့ ပေကြီးရွာထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

“ကျနော်တို့ထိတွေ့မှုဖြစ်ပြီးတော့ နာရီဝက်လောက်အကြာမှာ ရွာထဲဝင်ဖို့လုပ်တော့ ခေါင်းဖြတ်ခံရပြီး သေဆုံးနေတဲ့ အစ်ကို တယောက်အလောင်းကို တွေ့တယ်။ သူ့ကိုအဲ့နေ့မှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်” လို့ အထက်ပါတာဝန်ခံကဆက်ပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ ပေကြီးရွာကဒေသခံတွေ ကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်နေပြီး ဖြစ်ပါတယ်။ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ ပေကြီးရွာဟာ အခုလိုမီးရှို့ခံရတာ ၂ ကြိမ်တိတိရှိပြီးဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း နေအိမ်တလုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကျွန်းလှမြို့နယ် #ပေကြီးရွာ #စစ်တပ် #ထမင်းဆိုင် #မီးရှို့ဖျက်ဆီး #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10