ကြွေပုဂံရွာနားက ရပ်/ကျေးပကဖစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံ ၂ ဦးကိုလည်း ဖမ်းဆီးသွား

ကြွေပုဂံရွာနားက ရပ်/ကျေးပကဖစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံ ၂ ဦးကိုလည်း ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြွေပုဂံရွာနားက ပြည်သူ့ကာကွယ်ရေးစခန်းတခုကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို ဒေသခံ ၂ ဦးကိုလည် ဖမ်းဆီးသွားတယ်လို့ အရာတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနက် ၆ နာရီခွဲလောက်မှာ အရာတော်လေ့ကျင့်ရေး ၁၀ ကနေ အင်အား ၇၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီလေ့ကျင့်ရေးစခန်းနဲ့ ၆ မိုင်အကွာလောက်မှာရှိတဲ့ ကြွေပုဂံရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့ပါတယ်။

အဲ့ဒီနောက် ရွာအရှေ့ဘက် မူးမြစ်ကမ်းဘေးမှာရှိတဲ့ ရပ်/ကျေးပကဖစခန်းတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းထဲက စားနပ်ရိက္ခာတွေကို မီးရှို့ဖျက်ဆီးသွားသလို စခန်းထဲမှာရှိတဲ့ တဲ ၅ လုံးကိုလည်း မီးရှို့ဖျက် ဆီးခဲ့ပါတယ်။ 

ဒါ့အပြင် ကြွေပုဂံရွာက အသက် ၆၀ အရွယ် ဦးပေါဆွေနဲ့ အသက် ၄၅ နှစ်အရွယ် ဦးသန်းလွင်တို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။

“ သူတို့(စစ်ကောင်စီ) ရွာထဲကိုဝင်လာချိန် ရဲဘော်တွေက ကာပစ်ရင်းဆုတ်ခွာခဲ့တော့ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေတော့ မရှိဘူး။  ဦးပေါဆွေကိုတော့ ရွာထဲဝင်တာနဲ့ တခါတည်းဖမ်းသွားတာ၊ ဦ:သန်းလွင်ကိုတော့ ဖုန်းစစ်ရင်း သူ့ဖုန်းထဲမှာ ရဲဘော်တွေကို သတင်းပို့ထားတာတွေ့လို့ ဖမ်းသွားတာ” လို့ အရာတော် ပြည်သူ့ကာကွယ်ရေးတိုက်နယ်တာဝန်ခံ ကိုကျောက်ဆူးက မြေလတ်အသံကိုပြောပါတယ်။

အဲ့ဒီရပ်ကျေးစခန်းကနေ လက်လုပ်သေနတ် ၁၁ လက်၊ RPG ဗုံးသီး ၁ လုံး ၊ လက်လုပ်ရှော့တိုက်ဗုံးသီး ၃ လုံး၊ မိုင်းမျိုးစုံ ၆ လုံး၊ ဝါယာကြိုး ၁ ခွေ စတာတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း စစ်တပ်ထောက်ခံတဲ့ မီဒီယာတွေမှာ ထုတ်ပြန်ထားပါသေးတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေက ကြွေပုဂံရွာက ရပ်ကျေးပကဖစခန်းကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာထဲကနေ ပြန်မထွက်ခွာခင် အဲ့ဒီရွာက နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားပါသေးတယ်။ 

အဲ့ဒီနောက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ပြန်လည်ထွက်ခွာသွားပြီးတဲ့နောက် ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာထဲကိုဝင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့လည်း သူက ဆက် ပြောပါတယ်။

“သူတို့ထွက်သွားတော့ ကျနော်တို့ ရွာထဲကိုရှင်းလင်းရေးလုပ်တယ်။ သူတို့လမ်းတဝက်ကနေ လက်နက်ကြီး ၆ လုံးနဲ့ ပြန်ပစ်တယ်။ အိမ်တွေတော့ မထိလိုက်ဘူး။ နွား ၂ ကောင်တော့ ထိသွားသေးတယ်။ ရွာသားတွေကိုလည်း အဲ့နေ့မှာပဲ ရွာထဲကို ပြန်ဝင်ခိုင်းခဲ့ပါတယ်” လို့ ကိုကျောက်ဆူးက ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ အရာတော်မြို့နယ်ထဲက ကြွေပုဂံရွာဟာ တော်လှန်ရေးအားအကောင်းဆုံးရွာဖြစ်ပြီး အခုလိုနေအိမ်တွေ မီးရှို့ခံရတာ ၆ ကြိမ်ခန့်ရှိပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော်မြို့နယ် #ကြွေပုဂံရွာ #ပြည်သူ့ကာကွယ်ရေးစခန်း #စစ်တပ် #မီးရှို့ဖျက်ဆီး #အရာတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10