ခင်ပွန်းကိုသတ်ကာ ဇနီးကို ဓားစာခံလုပ်ပြီး စစ်တပ်က မတ္တရာနယ်မှာ စစ်ကြောင်းထိုး

ခင်ပွန်းကိုသတ်ကာ ဇနီးကို ဓားစာခံလုပ်ပြီး စစ်တပ်က မတ္တရာနယ်မှာ စစ်ကြောင်းထိုး

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီက ဒေသခံလင်မယားနှစ်ဦးအနက် အမျိုးသားကို သတ်ပြီး အမျိုးသမီးကို ဓားစာခံလုပ်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဖမ်းခံရတဲ့ လင်မယား ၂ ဦးဟာ မတ္တရာမြို့နယ်အရှေ့ဘက် ဆင်ရွာကဖြစ်ပြီး သူတို့ ၂ ဦးကို ဇန်နဝါရီ ၂၂ ရက် မနေ့က ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးကာ အမျိုးသားကိုသတ်ပြီး အမျိုးသမီးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ဆိုပါတယ်။   

"အမျိုးသားရဲ့ ဖုန်းထဲမှာ PDFနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ့တာလို့ သိရတယ်။ အမျိုးသားကိုတော့ သတ်လိုက်တယ်။ အမျိုးသမီးကို ဓားစာခံဖမ်းလာပြီး ရွာတွေကို စစ်ကြောင်းလိုက်ထိုးနေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသမီးကို ဖမ်းခေါ်လာပြီးနောက် ဇန်နဝါရီ ၂၃ ရက် ဒီနေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်နဲ့ မတ္တရာအရှေ့ခြမ်းကို စစ်ကြောင်းထိုးပြီး ဆင်ရွာနဲ့ တမိုင်အကွာက မှော်နီကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

"(ဆင်ရွာ)အဲ့ဘေးပတ်လည်က ရွာတွေအကုန်မွှေနေတာလို့သိရတယ်။ အခု အခြေအနေတော့ အသေးစိတ် မသိရသေးဘူး။ အဲဒီနားမှာလည်း မနက်ကတည်းက တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရတယ်" လို့ ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဖမ်းခံရတဲ့ လင်မယား ၂ ဦးနေထိုင်ရာ ဆင်ရွာဟာ မီးရှို့ခံရခြင်းမရှိသေးဘဲ လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က မကြာခဏစစ်ကြောင်းထိုးမွှေနှောက်နေပြီး ရွာတွေကို မီးရှို့နေတာကြောင့် အမြဲတမ်းစစ်ရှောင်နေရတဲ့ပြည်သူ ၁,၀၀၀ ကျော်ရှိပြီး စားဝတ်နေရေးအခက်အခဲတွေကြုံနေရတယ်လို့ လည်းစစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေး #မတ္တရာမြို့နယ် #စစ်ကောင်စီ #ဓားစာခံ #ကျေးရွာ #မီးရှို့ #ကာကွယ်ရေးတပ်ဖွဲ့ #ဖမ်းဆီး #ဝက်ဝံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10