ခင်ဦးနယ်က ရွာသစ်ရွာက အိမ် ၅ လုံးကို စစ်အုပ်စုမီးရှို့

ခင်ဦးနယ်က ရွာသစ်ရွာက အိမ် ၅ လုံးကို စစ်အုပ်စုမီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွာသစ်ကျေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တို့က ထိတွေ့ပစ်ခတ်မှုမရှိပဲ ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၈ ရက်ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ ရေဦး−ခင်ဦးလမ်းပေါ်မှာရှိတဲ့ အင်းပတ်ကွေ့စျေးတန်းမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေက အင်အား ၃၀ နီးပါးနဲ့ ရွာသစ်ရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ခဲ့တာလို့ ခင်ဦးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ထိတွေ့ပစ်ခတ်မှု မရှိပါဘူး။ ဒီအတိုင်း ရွာထဲကို ဝင်လာတာ။ အင်းပတ်ကွေ့စျေးတန်းနဲ့ ရွာသစ်က တမိုင်လောက်ပဲ ဝေးတယ်ဗျ။ ရွာမြောက်ပိုင်းက အိမ် ၅ လုံး မီးရှို့သွားပြီးတော့ ရွာထဲမှာရှိတဲ့ စျေးဆိုင်တွေက ပစ္စည်းတွေကိုလည်း သယ်သွားကြတယ်” လို့ ဆိုပါတယ်။

ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခင်းဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရဲ့ အနောက်ဘက် အင်းပတ်ကွေ့စျေးတန်းမှာ တပ်စွဲထားတာဟာ တနှစ်ကျော်လောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရွာသစ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်သာရှိပြီး အခုလို စစ်အုပ်စုရဲ့ မီးရှို့ခြင်းကို ခံရတာဟာလည်း ပထမအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ နေ့လယ် ၁၂ နာရီလောက်မှာတော့ ရွာထဲကနေ ပြန်လည်ထွက်သွားချိန်မှာလည်း ရွာသစ်ရွာမြောက်ဘက် တောထဲမှာ ကြက်သွန်တူးနေတဲ့ အမျိုးသမီး ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေ ၃ နာရီလောက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10