ခင်ဦးနဲ့ ရေဦးမှာ စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်ခဲ့သမျှ (သတင်းဆောင်းပါး)

ခင်ဦးနဲ့ ရေဦးမှာ စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်ခဲ့သမျှ (သတင်းဆောင်းပါး)

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ နှစ်ဦးပိုင်းကတည်းကစလို့ စစ်ကိုင်းတိုင်းဟာ မတရားစစ်အာဏာသိမ်းမှုကို နည်းပေါင်းစုံနဲ့ ကြံ့ကြံ့ခံတွန်းလှန်ဆန့်ကျင်နေခဲ့တာ ယနေ့အထိဆိုရင် ၂ နှစ်ကျော် ၃ နှစ်နီးပါး ကြာမြင့်လာပါပြီ။ 

ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းဟာ ၂၀၂၁ စစ်အာဏာမသိမ်းခင်အထိ မြန်မာစစ်တပ်အတွက် တပ်သားသစ် အများဆုံးထွက်ရှိရာနေရာဖြစ်ပြီး တိုက်ပွဲကင်းစင်နယ်မြေဖြစ်ခဲ့ပါတယ်။   

၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ စစ်ကိုင်းတိုင်းဟာ လူထုအုံကြွမှုနဲ့အတူ လက်နက်ကိုင်ခုခံစစ်ကို အစောဆုံးစခဲ့တဲ့ နယ်မြေဖြစ်လာတဲ့အခါ အာဏာသိမ်းစစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုး မီးရှို့တာ၊ လက်နက်ကိုင်နဲ့ အရပ်သားမခွဲခြားဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ဒီနေ့အထိလုပ်နေဆဲဖြစ်ပါတယ်။  

ဒီလို စစ်ရာဇဝတ်မှုမြောက်တဲ့ နည်းလမ်းတွေနဲ့ နယ်မြေရှင်းလင်းနေတာ ၂ နှစ်ကျော်ကြာလာတဲ့အခါ ကျေးရွာပေါင်း ၆ သောင်းနီးပါးနဲ့ လူဦးရေ ၅ သန်းနီးပါးရှိတဲ့ စစ်ကိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ တိုးမပေါက်ဖြစ်နေပြီး နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေသာ မီးလောင်ပြာကျ ကုန်ပါတယ်။  

ISP-Myanmar ရဲ့စာရင်းအရ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်ကိုင်းမှာ မီးရှို့ခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံပေါင်း ၅၉,၀၀၀ ကျော်ရှိလာခဲ့ပါပြီ။ တနိုင်ငံလုံးမီးရှို့ခံရတဲ့ နေအိမ်အဆောက်အုံတွေရဲ့ ၇၂ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။ 

စစ်ကိုင်းမှာ မြို့နယ်ပေါင်း ၃၈ မြို့နယ်ရှိတဲ့အနက် ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ်မှာ ၂၀၂၁ စစ်အာဏာသိမ်း ကတည်းက ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စာရင်းပြုစုပြီး ဒေသဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်လာပါတယ်။

ဒီထဲမှာ အကြိမ်ကြိမ်မီးရှို့ခံရတဲ့ရွာတွေ၊ ပြာကျသွားတဲ့ အိမ်တွေ၊ ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ အစုလုံအပြုလိုက်သတ်ဖြတ်မှုတွေနဲ့ စစ်ဘေးသင့်ပြည်သူတွေရဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။  

 

ခင်ဦး

ခင်ဦးမြို့နယ်မှာဆိုရင် ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃  စက်တင်ဘာ ၈ ရက်အထိ စစ်ကောင်စီတပ်ရဲ့  မီးရှို့မှုကြောင့် ကျေးရွာ ၇၉ ရွာမှ လူနေအိမ် ၆,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူ ၁၅၆ ဦး အဖမ်းခံထားရပြီး သတ်ဖြတ်ခံရသူ ၂၅၈ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ကျေးရွာတွေကတော့ ပေါက်တုံနဲ့ ဝန်းကြီးကျေးရွာက ဒေသခံ ၉ ဦးနဲ့ အလယ်ရှိုကျေးရွာက ၈ ဦးတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၂၈ ရက်မှာ ရွှေဘိုမြို့အခြေစိုက် အမှတ် (၈) လေ့ကျင့်ရေးတပ်မှ အင်အား ၅၀ ခန့်စစ်ကြောင်းဟာ အလယ်ရှိုကျေးရွာကို ဝင်ရောက်ခဲ့ပါတယ်။  ရွာထဲ ၅ ရက်ကြာ စခန်းချနေထိုင်ချိန် ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ရာ ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ ရွာသား ၂၀ ကျော်ကို  ဖမ်းဆီးပြီး အဲ့ဒီထဲက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၆ ဦးကို သတ်ဖြတ်ကာ နေအိမ်တွေနဲ့အတူ မီးရှို့သွားခဲ့ကြတယ်လို့ ခင်ဦးမြို့မှ PDF ရဲဘော်တဦးက ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာ ၂၄ ရက်မှာ ခင်ဦးမြို့နယ်၊ မုံလှရွာကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်း အပါအဝင် Mi-35 ရဟတ်ယာဉ်တစီးနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် ၉ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ဒေသခံ ၉ ဦးသေဆုံးခဲ့ရပါတယ်။ 

အဲ့ဒီနောက် စစ်ကြောင်းဟာ လူနေအိမ် ၃၀၀ ကျော်ဖျက်ဆီးခဲ့သလို လေကြောင်းက ပစ်ခတ်မှုကြောင့် ကျေးရွာ အရှေ့ဘက်ကမ်းရှိ ဘုန်းတော်ကြီးကျောင်း၊ မြောက်ပိုင်းရှိ ရွှေစည်းခုံဘုရားဝန်း အတွင်းက တန်ဆောင်းအပါအဝင် ကျေးရွာစာသင်ကျောင်းတို့ ပျက်စီးခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

ခင်ဦးမြို့နယ်ကို မီးလောင်တိုက်သွင်းပြီး ပြည်သူလူထုကို သတ်ဖြတ်သွားကြတဲ့ စစ်ကောင်စီတပ်သား တွေကတော့ ဘီလူးစစ်ကြောင်း၊ တပ်မ ၃၃၊ ခမရ ၇၀၂၊ ၇၀၈၊ ၇၀၁ တပ်ရင်းတွေက ဖြစ်ကြတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

ရေဦး

ခင်ဦးမြို့နဲ့ ၁၆ မိုင်သာဝေးတဲ့ ရေဦးမြို့နယ်မှာဆိုရင်လည်း လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ နှစ်ပေါင်းရာကျော်သက်တမ်းရှိ ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရမှုတွေ ဖြစ်သွားခဲ့ပါတယ်။ 

ရေဦးမြို့နယ်မှာ အာဏာသိမ်းစကနေ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၆၆ ဦးရှိခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တာကတော့ မြို့နယ်အရှေ့ပိုင်းက မုန်တိုင်ပင်ရွာမှာ ဖြစ်ပါတယ်။ 

၂၀၂၂ မေ ၁၀ ရက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ မုန်တိုင်ပင်ရွာကို ဝင်ရောက် မွှေနှောက်ပြီး ရွာသား ၃၀ ကျော်ကို ဘုန်ကြီးကျောင်းထဲမှာ လက်ပြန်ကြိုးတုတ် ဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်။ 

နောက်တနေ့ မေ ၁၁ ရက် မနက်ပိုင်းမှာ လူငယ် ၁၀ ဦး ခေါ်ထုတ်သွားခံရပြီး မီးရှို့ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ရွာသားတွေက တွေ့ခဲ့ရပါတယ်။ နောက်ထပ် ၁၉ ဦးကို အတန်းလိုက်ထိုင်စေပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ 

မေ ၁၂ ရက်မှာတော့ အိမ်တွေကို ထပ်မံမီးရှို့ပြီး စစ်ကြောင်းက မုန်တိုင်ပင်ရွာကနေ ထွက်သွားခဲ့ပါတယ်။

ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ အသတ်ခံရသူ စုစုပေါင်း ၂၉ ဦးဖြစ်ပြီး အသက် ၂၀ ကနေ ၇၀ ကြား အမျိုးသားတွေဖြစ်ကြပါတယ်။  

ကျူးလွန်သူတွေဟာ ခြေမြန်တပ်ရင်း ၇၀၈ မှ တပ်သားများဖြစ်ပြီး အမိန့်ပေးသူဟာ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

နှစ်ပေါင်း ၁၃၀ နီးပါး သက်တမ်းရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း မီးရှိုခံဖျက်ဆီးခံလိုက်ရတာကတော့ မြို့နယ်အနောက်ဘက်ခြမ်းက ချမ်းသာရွာမှာဖြစ်ပါတယ်။ 

ချမ်းသာရွာကို အခုထိ စစ်ကြောင်း အကြိမ် ၂၀ ထိုးခဲ့ပြီး  ၅ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။ 

၂၀၂၃ ဇန်နဝါရီ ၁၄ ညမှာ အာဏာသိမ်းစစ်တပ်ဟာ ချမ်းသာရွာက ကက်သလစ်ဘုရားကျောင်းထဲ တပ်စွဲပြီး နောက်တနေ့မနက် အစောပိုင်းမှာ ထိုဘုရားကျောင်းကြီးကို မီးရှို့ခဲ့တာပါ။  

ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ သီလရှင်ကျောင်းတို့လို ဘာသာရေးအဆောက်အအုံတွေအပြင် ရေဦးမြို့နယ်မှာ ကျေးရွာပေါင်း ၅၁ ရွာက လူနေအိမ်ပေါင်း ၃,၄၀၀ ကျော် မီးလောင်ပြာကျပျက်စီးခဲ့ပြီလို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  

ချမ်းသာ၊ ထန်းပင်ကုန်းနဲ့ ရွာဟောင်းကုန်းတို့ဟာ ၄ ကြိမ်တိုင် မီးရှို့ခံထားရတဲ့ ရွာတွေဖြစ်ပြီး အင်တော၊ မီးမောင်းကုန်း၊ ကုန်းသာ၊ ရွာသစ်၊ တောင်ကုန်း၊ ရွာမိဿာ၊ ကံပေါက်နဲ့ ပေကြီးတို့ဟာ ၂ ကြိမ် မီးရှို့ခံထားရတယ်လို့ ဖော်ပြပါတယ်။ 

ချမ်းသာ၊ ရွာမိဿ၊ ကုန်းသာနဲ့ တင်းတိမ်ရံ ရွာတို့ဟာ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ပြီး နေအိမ်နဲ့ ဆိုင်ခန်း စုစုပေါင်း ၁,၇၀၀ ကျော် ပျက်စီးသွားတယ်လို့ဆိုပါတယ်။ 

ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က "ရိုးရိုးအိမ်တွေကိုဆိုရင် ဒီအတိုင်း မီးထုပ်တွေ ပစ်ပြီးရှို့တယ်။ အုတ်တွေနဲ့အခိုင်အမာဆောက်ထားတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ၊ သီလရှင်ကျောင်းတွေကိုဆိုရင် အုတ်တွေမြန်မြန်ပြိုကျအောင် (ပေါက်ကွဲအားပြင်းတဲ့)တိုက်မိုင်းတွေ၊ ဓာတုဆေးတွေသုံးပြီးတော့ နာရီပိုင်းအတွင်း ပြာကျအောင်ရှို့ခဲ့တာ" လို့ မြေလတ်အသံကို ပြောပါတယ်။ 

ခုလို ရေဦးမြို့နယ်က ကျေးရွာတွေကို ပြာပုံအသွင်ပြောင်းခဲ့တာက မော်လိုက်အခြေစိုက် ခမရ ၃၆၄၊ မှော်ဘီအခြေစိုက် ခလရ ၇၀၁ နဲ့ တပ်မ ၇၇ က လို့ သူကဆိုပါတယ်။ 

ဒါ့အပြင် ရေဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ ၆ ကြိမ်ရှိသွားပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ရေမြက်ရွာက အရပ်သားအပြစ်မဲ့ပြည်သူ ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းမှာ စစ်ဘေးသင့်ပြီး ထွက်ပြေးတိမ်းရှောင်ရသူ ၄ သောင်းကျော်ခန့် ရှိနေပြီလို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့နဲ့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့က ဖော်ပြထားပါတယ်။ 

နေအိမ်မီးရှို့ခံရလို့ အိမ်ပြန်ဆောက်ကြပေမယ့် နောက်တကြိမ် စစ်ကြောင်းဝင်ရင် ထပ်အရှို့ခံရပြီး မီးထဲပါသွားတာကြောင့် ဒေသခံတွေဟာ မိသားစုကျောတခင်းစာရအောင် တဲကလေးတွေဆောက်ပြီး နေထိုင်ကြရတယ်လို့ ခင်ဦးမြို့နယ်သတင်း မှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူကဆိုပါတယ်။

"တချို့ဆိုရင် ရွာထဲမှာပဲ အိမ်ကိုပြန်ဆောက်တယ်။ အဲ့ဒီအိမ်က စစ်ကြောင်းဝင်ရင် ပြန်အရှို့ခံရတယ်။ ဒီလို အခြေအနေတွေကြောင့် အခုဆိုရင် တော၊ တောင်တွေထဲမှာ တဲကလေးတွေထိုးပြီး နေနေကြတယ်။ "လို့ သူကပြောပါတယ်။

ဒါ့အပြင် နေအိမ်မီးရှို့ခံလိုက်ရတဲ့ စစ်ဘေးသင့်ပြည်သူ သောင်းချီဟာ အလုပ်အကိုင်မရှိလို့ ဝင်ငွေမရှိတာနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်တက်လာနေတာကြောင့် ထမင်းနပ်မှန်အောင် စားနိုင်ဖို့ တောင်ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

"သူခိုး ခိုးသွားမှ ကျန်ဦးမယ်။ စကစမီးရှို့ ဖျက်ဆီးတာက ဘာမှကုန်းကောက်စရာကို မကျန်ခဲ့တော့တာ။ ပိုက်ဆံရှိသူ ဖြစ်ဖြစ်၊ မရှိသူဖြစ်ဖြစ် မီးထဲအကုန်ပါသွားတော့ နေဖို့၊ စားဖို့ ဘာမှ မကျန်တော့တာ။" လို့ ကိုထူးခန့်ဇော်က ဆိုပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #ခင်ဦး #ရေဦီး #စစ်ကိုင်းတိုင်း #အာဏာသိမ်းမှု #စစ်ကောင်စီ #ကျေးရွာ #မီးရှို့ဖျက်ဆီး #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10