ခလရ ၁ က လက်နက်တွေနဲ့ထွက်ပြေးတဲ့ တပ်သား ၁ ဦးပြန်အဖမ်းခံရပြီး အသတ်ခံရ

ခလရ ၁ က လက်နက်တွေနဲ့ထွက်ပြေးတဲ့ တပ်သား ၁ ဦးပြန်အဖမ်းခံရပြီး အသတ်ခံရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ တပ် ကနေ လက်နက်တွေယူဆောင်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထဲက ၁ ဦး ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်

မတ်လ ၂၃ ရက် မနက် ၃ နာရီခန့်မှာ ခလရ ၁ က အချုပ်သား ၁ ဦးနဲ့ ဗဟိုကင်းစောင့်တပ်သား ၂ ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက တောနင်းရှာဖွေရာမှာ မတ်လ ၂၄ ရက် မနက် ၆ နာရီလောက်မှာ ပဲခူးရိုးမအတွင်းက ရှားတောကွင်းကျေးရွာမှာ ၁ ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရတာလို့ ခလရ ၁ တပ်တွင်းသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။


“အချုပ်ကျနေတာက သာယာဝတီ ခလရ ၃၅ တပ်က တပ်ကြပ်ကြီး၊ ပဲခူးရိုးကို စစ်ကြောင်းထိုးထွက်မယ်ဆို ပဲခူးအနောက်ခြမ်းက တပ်တွေက ခလရ ၁ မှာ စုရတာဆိုတော့ ခလရ ၁ မှာ လာတွဲဖက်နေရင်းကနေ အချုပ်ကျနေတာ။ အဲ့တာကို ဗဟိုကင်းစောင့် ၂ ယောက်က ကယ်ထုတ်ပြီး ၃ ယောက် အတူတူပြေးကြတာ။ နောက်တရက်မှာပဲ ပဲခူးရိုးထဲကရွာနားမှာ တပ်သား ၁ ယောက် ပြန်မိတယ်” လို့ ပြောပါတယ်။

ပြန်လည်ဖမ်းဆီးခံရသူဟာ ခလရ ၁ တပ်က ဗဟိုကင်းစောင့် တပ်သား ဖိုးလပြည့် ဆိုသူဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်သားက သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

“အဲ့ဒီတပ်သားလေးက အုတ်ဖို၊ တိမ်မြုပ်တပ်က ပြောင်းလာတာ သိပ်မကြာသေးဘူး။ သူ့ကိုပြန်မိတယ်ဆိုပေမယ့် သူ့ဆီက သေနတ်တွေ ဘာတွေဘာမှပြန်မရဘူး။ ကျန်တဲ့ ၂ ယောက်ကိုမေးတာလည်း မေးလို့မရဘူး။ စစ်ကြောရေးအရာရှိက သူ့ကိုသတ်ပြီး အလောင်းကိုမီးရှို့လိုက်ပြီလို့ သိရတယ်” လို့ သူကဆက်ပြောပါတယ်။

ခလရ ၁ စစ်ကောင်စီတပ်သား ၃ ဦးထွက်ပြေးချိန်မှာ ၎င်းတို့နဲ့အတူ သေနတ် ၃ လက်၊ ကျည်ဆန်အတောင့် ၂၀၀၀၊ လက်ပစ်ဗုံးအလုံး ၂၀ တို့ကို ယူဆောင်ထွက်ပြေးသွားတာ ဖြစ်ပြီး ၂ ဦးက လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်၊ ခဲယမ်းတွေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ခလရ ၁ စစ်ကောင်စီတပ်က ပဲခူးရိုးမအတွင်း ရွာတွေဖြစ်တဲ့ ရှားတောကွင်းရွာ၊ ပျဉ်းကတိုးခင်းရွာတွေအပါအဝင် ပဲခူးရိုးမတလျှောက် ဒီကနေ့အထိ ပိုက်စိတ်တိုက် ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ခလရ ၁ စစ်ကောင်စီတပ်သားတွေ ရှေ့တန်းပြန်လာတဲ့ ယခင်ပုံဟောင်း။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10