ခလရ ၁ တပ်သင်္ကြန်ကို မဏ္ဍပ်အပြင်မထုတ်ရဲဘဲ တပ်တွင်းဝင်၊ထွက်ခွင့်ပိတ်ထားပြီး ပြုလုပ်

ခလရ ၁ တပ်သင်္ကြန်ကို မဏ္ဍပ်အပြင်မထုတ်ရဲဘဲ တပ်တွင်းဝင်၊ထွက်ခွင့်ပိတ်ထားပြီး ပြုလုပ်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊စိန်ကန့်လန့်ရွာအခြေစိုက်စစ်ကောင်စီ ခလရ ၁ တပ်ရဲ့အခုနှစ်တပ်သင်္ကြန်ကို တပ်တွင်းမှာသာ မဏ္ဍပ်ထိုးပြီး ပြုလုပ်နေတယ်လို့ မင်းလှမြို့ခံတွေဆီက သိရပါတယ်။

စစ်အာဏာမသိမ်းမီနှစ်တွေက ခလရ ၁ တပ်ဟာ တပ်အဝင်မုဒ်ဦးအရှေ့ မင်းလှ-စိန်ကန့်လန့်-မြို့ချောင်းရိုးမဖြတ်ကျော်လမ်းမှာ မဏ္ဍပ်ထိုးပြုလုပ်တာဖြစ်ပြီး ဒီနှစ်သင်္ကြန်ကိုတော့ တပ်တွင်းမှာသာ မဏ္ဍပ်ထိုးကာ အပြင်လူဝင်၊ထွက်ခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ တပ်နဲ့နီးစပ်တဲ့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။



"အဓိက က PDF ဗုံးကို ကြောက်တာပေါ့။ တပ်ထဲမှာက လူလည်း သိပ်မရှိတာရယ်။ နောက်ပြီး အရင်လို တပ်ပြင်ထွက် မဏ္ဍပ်ထိုးလည်း ဘယ်သူမှ မလာလောက်ဘူးဆိုတာ သိလို့နေမှာ။ တပ်ထဲကလူလည်း အပြင်မထွက်ခိုင်းဘူး။ အပြင်ကလူလည်း ဘယ်သူမှ အထဲမခေါ်ခိုင်းဘူးလို့။ ဒါတောင် သူတို့ သင်္ကြန်သာ လုပ်နေတာ ဒရုန်းကြောက်လို့အပေါ်ကို တကြည့်ကြည့်နဲ့ ကနေကြတာ"
လို့ ပြောပါတယ်။

ခလရ ၁ တပ်ဟာ မင်းလှမြို့ပေါ်က စစ်ကောင်စီပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်မှာလည်း လုံခြုံရေးအစောင့်တွေ ပို့ဆောင်ထားရတာဖြစ်ပြီး အင်အားမလုံလောက်တာကြောင့် တပ်သင်္ကြန်အတွက် လုံခြုံရေးပေးဖို့ လူမရှိလို့ အခုလိုတပ်တွင်းမှာသာ လုပ်ဆောင်နေရတာလို့ သူကဆက်ပြောပါတယ်။

ခလရ ၁ တပ်တွင်းသင်္ကြန်မဏ္ဍပ်ကိုတော့ တပ်တွင်းမူကြိုကျောင်းဘေး တပ်သက်သာဆိုင် အရှေ့မှာပြုလုပ်တာဖြစ်ပြီး တပ်ရင်းမှူးမိန်းမဖြစ်သူ ဒေါ်ဝင့်နှင်းဖြူက ဦးဆောင်ပြုလုပ်နေတာလို့ သိရပါတယ်။

ခလရ ၁ တပ်ဟာ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်ရေး ဝင်ရောက်နေရကာ ထိခိုက်သေဆုံးများပြားနေတဲ့ တပ်ရင်းဖြစ်သလို နောက်တန်းအင်အားလည်း လုံလောက်မှုမရှိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေအပြင် သား၊သမီးတွေကိုပါ စစ်သင်တန်းပေးပြီး လုံခြုံရေးအတွက် လိုအပ်သလိုအသုံးပြုနေတယ်လို့ သိရပါတယ်။

ပုံစာ - ယခုနှစ် ခလရ ၁ တပ်သင်္ကြန်ကို ဧပြီလ ၁၃ ရက် အကြိုနေ့က မြင်တွေ့ရစဉ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10