ခလရ ၁ တပ်သားက အငြိမ်းစားဗိုလ်ကြီးရဲ့သမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်

ခလရ ၁ တပ်သားက အငြိမ်းစားဗိုလ်ကြီးရဲ့သမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင် မင်းလှမြို့နယ် လတ်ဆတ်ကျေးရွာအုပ်စု စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ က စစ်ကောင်စီတပ်သားက စစ်ကောင်စီတပ်ကနေ အငြိမ်း စားယူထားတဲ့ ဗိုလ်ကြီးရဲ့သမီးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

 အဓမ္မပြုကျင့်ခံရသူဟာ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရေစက်တန်းလမ်းနေ အသက် ၂၁ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ မအဉ္ဇလီမျိုးမြင့် ဖြစ်ပြီး ၎င်းကို ခလရ ၁ တပ်ရင်း အမှတ် ၃ တပ်ခွဲက အသက် ၅၅ နှစ် အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ထွန်းနိုင်က မတ်လ ၄ ရက်နဲ့ ၅ ရက်တွေမှာ ၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တာလို့ ခလရ ၁ တပ်တွင်းသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မအဉ္ဇလီမျိုးမြင့်ရဲ့မိဘတွေဟာ စစ်ကောင်စီတပ်အငြိမ်းစား ဗိုလ်ကြီးမျိုးမြင့်နဲ့ ဒေါ်ခင်မာလာ ဆိုသူတို့ဖြစ်ပြီး ဧရာဝတီတိုင်း၊ ဖျာပုံမြို့ကို ခရီးသွားနေချိန်မှာ အခုလိုဖြစ်ခဲ့တာပါ။

"ရေစက်တန်းလမ်းဆိုတာ အဲ့နားမှာလည်း စစ်တပ်အငြိမ်းစားတွေချည်းပဲ နေကြတာ။ ခလရ ၁ နဲ့ အဲ့ဒီနေရာနဲ့က လမ်းပဲခြားတယ်။ အဲ့ဒီရက်ပိုင်းက မိဘတွေက ခရီးထွက်နေတဲ့အချိန် အိမ်နီးနားချင်းတွေနဲ့ အပ်ထားခဲ့တာ။ အဲ့ဒီအချိန်မှာ ထွန်းနိုင်က ခလေးမလေးကို မုဒိန်းဝင်ကျင့်တာ။ သူလုပ်တာက ၃ ကြိမ်တောင်ဆိုတော့ အဲ့ဒီအိမ်ကို အဝင်၊အထွက်ထူးခြားနေတာကို သတိထားမိပြီး နောက်ဆုံးအကြိမ်မှာ ဘေးအိမ်နီးချင်းတွေက အိမ်ထဲဝင်ကြည့်တော့ အဲ့ဒီလို တန်းလန်းကြီးမိတာ" လို့ ခလရ ၁ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

မတ်လ ၄ ရက် မနက် ၈ နာရီမှာ ၁ ကြိမ်၊ ၅ ရက်နေ့ မနက် ၁၀ နာရီနဲ့ နေ့လည် ၂ နာရီတို့မှာ ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး နောက်ဆုံးပြုကျင့်တဲ့ နေ့လည် ၂ နာရီလောက်မှာ အိမ်နီးချင်းတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"အဲ့ဒီလိုမိတော့ ကလေးမလေးကို ဝိုင်းမေးကြတော့ စလုပ်တဲ့နေ့က အတင်းဝင်လာ တွန်းလှဲပြီး အော်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး တခါလုပ်တယ်။ နောက်ရက်မိတဲ့နေ့မှာလည်း ၂ ခါလုပ်တယ်လို့ဖြေပြီး ကြောက်လို့ပါဆိုပြီး ငိုယိုနေတယ်။ ကိုထွန်းနိုင်က အသက်တွေလည်း ကြီးနေပြီ အမှုတွေလည်း တောက်လျှောက်ဖြစ်လို့ ခုအရွယ်ထိ တပ်သားအဆင့်ပဲ” လို့ သူက ဆက်ပြောပါတယ်။

အဓမ္မပြုကျင့်ခဲ့တဲ့ ခလရ ၁ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ထွန်းနိုင်ဟာ ခလရ ၁ တပ်အတွင်း နေထိုင်သူဖြစ်ပြီး ၎င်းမှာ မိန်းမဖြစ်သူနဲ့သမီး ၃ ယောက်ရှိကာ သားသမက်တွေလည်း ရှိသူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သား ထွန်းနိုင် ကို ခလရ ၁ တပ်တွင်းအချုပ်မှာ ချုပ်နှောင်ထားပြီး ဒီအမှုနဲ့ပတ်သက်လို့ ခလရ ၁ နောက်တန်းမှူးက တပ်မ ၆၆ ဌာနချုပ်နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ- ပြည်) တို့ကို သတင်းပို့တင်ပြတာမျိုး မရှိသေးဘဲ ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ရဲ့မိသားစုဝင်တွေကို အမှုကြေအေးပေးဖို့ လတ်ဆတ်ကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းမြင့် ကနေတဆင့် ခလရ ၁ တပ် တာဝန်ရှိအရာရှိတွေက ဖိအားပေးပြောဆိုခိုင်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခလရ ၁ တပ်ရင်းဟာ သဲကုန်းမြို့နယ်၊ အင်းမမြို့အခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မ ဌာနချုပ်(တမခ ၆၆) လက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး လက်ရှိ တပ်မ ၆၆ နဲ့လက်အောက်ခံတပ်ရင်းတွေဟာ ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ခိုက်ရေး ဝင်ရောက်နေတဲ့ တပ်မတခု ဖြစ်ပါတယ်။

တပ်မ ၆၆ နဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ကရင်နီ(ကယား)ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီး နောက်၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကစလို့ တိုက်ခိုက်ရေးဝင်ရောက်နေတာဖြစ်ပြီး ကရင်နီပူးပေါင်းအဖွဲ့တွေနဲ့ ၁ နှစ်ခွဲနီးပါးကာလအတွင်း တိုက်ပွဲတွေအကြား တပ်ရင်းမှူးအဆင့်တွေပါ အပါအဝင် အများအပြားထိခိုက်သေဆုံးဒဏ်ရာရမှု‌၊ အရှင်ဖမ်းဆီးခံရမှုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကို ဘက်ပြောင်း CDM ပြုလုပ်မှုတွေ များပြားနေလို့ စစ်အင်အား သိသိသာသာ ယုတ်လျော့နေတဲ့ တပ်မတခု ဖြစ်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ် တပ်မ ၆၆ ရဲ့ စစ်အင်အား အများအပြား ယုတ်လျော့လာမှုတွေကြောင့် စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်အင်အား ထပ်မံမပြုန်းတီးစေရေးအတွက် ၎င်းတို့လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့အပေါ် အမိန့်မနာခံ စစ်ပုန်ကန်မှုကလွဲရင် ကျန်တဲ့အမှုတွေကို အရေးယူဆောင်ရွက်တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ CDM တပ်မတော်သားအရာရှိ တဦးက ပြောပါတယ်။
 
"လက်ရှိအခြေအနေမှာ စကစတပ်က စစ်ဆင်ရေးအမှု၊ နောက် သူတို့သတင်းတွေအပြင်ကိုပေးတဲ့ ဖရဲသီးလိုအမှုမျိုးကလွဲရင် ကျန်တဲ့ကာရိုက်တာအမှုတွေနဲ့ပတ်သက်ပြီးအတတ်နိုင်ဆုံးအရေးမယူတော့ဘူး။ မလိုအပ်ဘဲအင်အားထပ်ပြီးပြုန်းတီးမခံတော့ဘူးပေါ့။ အောက် ခြေ စစ်ကောင်စီတပ်သားတွေ စိတ်ပျက်ပြီးထွက်ပြေးမှာကိုသူတို့အတော်စိုးရိမ်နေတယ်။ အဲ့တာကြောင့်ဒီလိုအမှုတွေကိုလည်း အင်အားမပြုန်းအောင် သတင်းဖုံးဖိပြီးအမှုကြေအေးနိုင်ဖို့ ဖိအားပေးလုပ်ဆောင်နေတာဖြစ်တယ်” လို့ CDM တပ်မတော်သား  ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ခလရ ၁ ယခင် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျ မှာလည်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲကျ သေဆုံးခဲ့တာဖြစ်ပြီး သူ့သေဆုံးမှုဟာ တပ်ရေးဗိုလ်ကြီး မျိုးဝင်းခိုင်ဆိုသူနဲ့လူမှုရေးဖောက်ပြန်နေတဲ့ ဇနီးဖြစ်သူ တပ်ရင်းမှူးကတော်ရဲ့ အောက်လမ်းအစီအရင်တွေကြောင့် တိုက်ပွဲကျသေဆုံးခဲ့တာလို့ တပ်တွင်းမှာ လက်ရှိအချိန်ထိ ဝေဖန်ပြောဆိုနေကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10