ချင်းတွင်းမြစ်ဝှမ်းဒေသက တာဝါတိုင် စခန်းသိမ်းတိုက်ပွဲ

ချင်းတွင်းမြစ်ဝှမ်းဒေသက တာဝါတိုင် စခန်းသိမ်းတိုက်ပွဲ

ရေးသားသူ - မောင်ကြီး

သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅ ရက်)၊ ညနေ နေဝင်ရီတရောအချိန်။ စစ်ကိုင်းတိုင်းထဲမှ အထင်ကရ လမ်းမကြီး ဖြစ်‌သော မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် မိုးကာအုပ်ထားသည့်ကားအချို့ ခပ်ဖြည်းဖြည်းမောင်းနှင်နေသည်။ ကားလမ်းမ၏ ဘေးဝဲယာမှာက အလောင်းတော်ကဿဖနယ်မြေနှင့်ထိစပ်နေသော မဟူတောင်တောကြီး။

မဟူတောင်တောကြီးက တောနက်သည့်အလျှောက် သစ်ပင်၊ သစ်ကိုင်းကြီးများကလည်း ကားလမ်းပေါ် အုပ်မိုးနေသည်။ အလျင်မလိုသည့်ပုံစံဖြင့် ဖြည်းဖြည်းမှန်မှန်မောင်းနှင်နေသည့် မိုးကာအုပ်ကားများသည် နာရီအနည်းငယ်ကြာ မောင်းနှင်ပြီးနောက် ညမှောင်ရီပျိုးစတွင် လမ်းဘေးတနေရာသို့ကပ်ကာ ရှေ့ဆင့်၊ နောက်ဆင့် ရပ်သွားသည်။ 

တချိန်တည်းတွင် လက်နက်ခဲယမ်းမျိုးစုံ ကိုယ်စီကိုင်‌ဆောင်ထားသည့် ပြောက်ကျားယူနီဖောင်းဝတ် လူငယ်အများအပြား ကားတစီးချင်းစီပေါ်မှ လျှင်မြန်ဖျတ်လတ်စွာ ခုန်ဆင်းလာကြပြီး မဟူတောင်တောကြီးအတွင်း ဝင်ရောက် ပျောက်ကွယ်သွားကြတော့သည်။

အချိန်နာရီများ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နောက် နှစ်ရက်မြောက်နေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက် နံနက်လင်းအားကြီးချိန်တွင်တော့ သင်္ကြန်အကြတ်နေ့က မဟူတောင်တောစပ်တွင် ဝင်ရောက်ပျောက်ကွယ်သွားသည့် ပြောက်ကျားယူနီဖောင်းဝတ်လူငယ်များ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှ စစ်ကောင်စီ၏ အခိုင်အမာစခန်းတခုဖြစ်သော တာဝါတိုင်စခန်းရှေ့တည့်တည့်တွင် ဘွားကနဲ့ ရုတ်တရက် ပြန်ပေါ်လာခဲ့လေသည်။

ထိုသို့ ပြန်ပေါ်လာခြင်းက တာဝါတိုင်စခန်း‌စောင့် စစ်ကောင်စီတပ်ဖွဲ့အတွက် မရဏခေါင်းလောင်းသံဖြစ်ခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ ဟန်ချက်ညီသည့် တိုက်ရည်‌ခိုက်ရည်ကို ထုတ်ဖော်ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

တာဝါတိုင်စခန်းသိမ်းတိုက်ပွဲ

တာဝါတိုင်စခန်းသည် မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှ ကနီမြို့နယ်၊ ယာကြီးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ဆယ်သွယ်ရေးတာဝါတိုင်ကြီး တည်ဆောက်ထားသောကြောင့် ယာကြီးတာဝါတိုင်စခန်းအဖြစ် အရပ်ခေါ် ခေါ်ကြသည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ထိုနေရာ၌ အခိုင်အမာတပ်စွဲခဲ့သည်။ 

ထိုနေရာသည် စစ်အာဏာရှင်တော်လှန်ရေးအစုအဖွဲ့များကို စုံစမ်းထောက်လှမ်းရာတွင် စစ်ကိုင်းတိုင်း၏ ပင်မဆက်သွယ်ရေးစခန်းဖြစ်ကြောင်း စုံစမ်းသိရှိရပြီးနောက် ထိုစခန်းကို တိုက်ခိုက်ဖျက်ဆီးရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဆုံးဖြတ်လိုက်သည်။ 

တာဝါတိုင်စခန်းသိမ်းတိုက်ပွဲစစ်ဆင်‌ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း(၁)က ဦးဆောင်ပြီး ခရိုင်တပ်ရင်း (၁၈)၊ (၂၄)၊ (၂၇) နှင့် လက်အောက်ခံတပ်ဖွဲ့အချို့မှ ရဲဘော်များ ပါဝင်ခဲ့ကြသည်။ 

မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီလ ၁၇ ရက် နံနက် ၉ နာရီတိတိတွင် ပထမဆုံးကျည် စပေါက်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များပစ်ခတ်သည့် သေနတ်ကျည်ဆန်များက တာဝါတိုင်စခန်းဆီသို့ မိုးပြိုသလို ပြိုကျခဲ့သည်။ 

"ကျနော်တို့ဘက်က ကျည်မိုး မိုးပြီး တိုက်ပွဲကို စတင်တာ။ စပြီးကျည်ပေါက်တဲ့အချိန်ကနေ လုံးဝအပိုင်သိမ်းနိုင်တဲ့အထိ ၁၅ မိနစ်ပဲကြာတယ်" 

စစ်ဆင်ရေးကို ဦးဆောင်ခဲ့သူများအနက် ယင်းမာပင်ခရိုင် တပ်ရင်း (၁) မှ ရဲဘော်ဗလက တိုက်ပွဲအခင်း အကျင်းကို ပြန်ပြောပြခြင်းဖြစ်သည်။ 

မုံရွာ - ယာကြီးကားလမ်းမအတိုင်းသွားပါက လမ်း၏ဘယ်ဘက်အခြမ်းတွင်ရှိသော တာဝါတိုင်စခန်းသည် သာမာန်စစ်ကောင်စီစခန်းမဟုတ်။ အုတ်ခံအဆောက်အအုံများ၊ ဘန်ကာများဖြင့် တည်ဆောက်ထားပြီး မဆုတ်တမ်းခံစစ် ပုံစံရှိသည်ဟု ယင်းမာပင်ခရိုင်တပ်ရင်း(၁)မှ ရဲဘော်ကိုခန့်က ဆိုသည်။ 

တိုက်ပွဲနေ့က ရန်သူ့စခန်းထဲသို့ ရဲဘော်ဗလအပါအဝင် အဖွဲ့ခေါင်းဆောင်သုံးဦးက ကျန်ကာကွယ်ရေး ရဲဘော်များကို ဦး‌ဆောင်ကာ ဝင်ရောက်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ရေးအသာစီးရယူ ထားပြီး တရစပ်ပစ်ခတ်ခဲ့ကြသည်။ စစ်ကောင်စီဘက်က ခံစစ်သက်သက်ဖြစ်နေပြီး ခံတုတ်ကျင်းအတွင်း ဝင်ပုန်းသူပုန်း၊ ထွက်ပြေးသူပြေးနှင့် ဖရိုဖရဲဖြစ်နေသည်။ 

ထိုသို့ တိုက်ခိုက်နေစဉ်မှာပင် တပ်ရင်းအလိုက် ဦးဆောင်သူနှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်လိုက်သော သေနတ်ကျည်ထိမှန်သွားသည်။ ထိုအခိုက်အတန့်သည် စိတ်လှုပ်ရှားရဆုံးအချိန်ဟု တိုက်ပွဲတွင် ဦးဆောင်တိုက်ခဲ့သူ တဦးဖြစ်သည့် ရဲဘော်ဗလက ဆိုသည်။

"စခန်းထဲကိုဝင်ပြီး ရှင်းလင်းဖို့ပဲကျန်တော့တာ။ ကျန်တာတွေက အကုန်ပြီးသွားတဲ့အနေအထားမှာ ဦးဆောင်သူတွေက ထိခိုက်ဒဏ်ရာရသွားတဲ့အခါ ရဲဘော်တွေက နည်းနည်းတုံ့ဆိုင်းသွားတယ်။ အဲ့အခိုက်အတန့်က အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်"

ရဲဘော်ဗလကိုယ်တိုင် စက္ကန့်ပိုင်းမျှ တွေဝေနေမိသေးသည်။ သို့သော် တော်လှန်ရေးခံယူချက် ပြင်းထန်ကြသည့် ဗိုလ်ဗလနှင့် တိုက်ပွဲဝင်ရဲဘော်အားလုံးက ယင်းအခြေအနေကို ချက်ချင်းပြောင်းလဲနိုင်ခဲ့သည်။ သူအပါအဝင် ကာကွယ်ရေးရဲဘော်အားလုံး ညာသံပေး၍ စခန်းသိမ်းတိုက်ပွဲကို ဆက်နွှဲကြသည်။ 

"ကိုယ့်ဦးဆောင်မှုတောင် မလိုလိုက်ဘူး။ ရဲဘော်တွေက သူတို့ဘာသာသူတို့ လုပ်စရာရှိတာ ဆက်လုပ်သွားကြတာဗျ"

တိုက်ခိုက်နေရင်းမှာပင် ဗိုလ်ဗလအတွက် မမျှော်လင့်သောအဖြစ်တခု ကြုံလိုက်ရသည်။ စခန်းထဲမှ  စစ်ကောင်စီ အုပ်စုအားတွေ့၍ ပစ်ခတ်ရန် လက်ပစ်ဗုံးစနက်တံဖြုတ်လိုက်စဉ် ထိုလက်ဗစ်ဗုံးသည် သူ့လက်ထဲ၌ပင် ပေါက်ကွဲသွားလေသည်။

သူ့ ညာဘက်လက်သည် လက်ကောက်ဝတ်မှ အပိုင်းလိုက်ပြတ်ကျသွားသည်။ ဘယ်ဘက်လက်လည်း အပြင်းအထန် ဒဏ်ရာရသွားသည်။ ဘေးနားမှ ရဲဘော်ရဲဘက်အချို့လည်း ဒဏ်ရာရသွားကြသည်။ ယင်းသို့သော သွေးသံရဲရဲအခြေအနေကြားမှာပင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စခန်းသိမ်းတိုက်ပွဲ ဆက်နွှဲခဲ့ကြသည်။

တာဝါတိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေးရဲဘော်များက ၁၅ မိနစ်အတွင်း သိမ်းယူနိုင်ပြီး စခန်းထဲမှ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။ တိုက်ပွဲစတင်ချိန်မှ စခန်းအား မီးရှို့ဖျက်ဆီးပြီးချိန်အထိ နာရီဝက်ခန့်သာ ကြာခဲ့သည်။ 

တိုက်ပွဲအပြီး စခန်းအတွင်းသို့ ဝင်ရောက်ရှင်းလင်းရာ သံကြိုးခတ်သိမ်းထားသည့် သေနတ်များနှင့် လက်နက်ခဲယမ်းများကို တွေ့ခဲ့ရသည်ဟုဆိုသည်။

"လက်နက်တွေ ပိုနေတာလား။ တပ်ဆင်ပေးဖို့ အင်အားမရှိတော့တာလား။ ဒါကိုတော့ ကျနော်တို့ မသိဘူး" ဟု ရဲဘော်ဗလက ပြောသည်။

တာဝါတိုင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့သည်။ သေနတ် ၁၆ လက်၊ ကျည် ၉,၀၀၀ ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းယူခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့  ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့သည် တပ်ပျက်နေခဲ့ပြီး ယင်းအခြေအနေကို အမိအရ အသုံးချခဲ့သည်ဟု ရဲဘော်ကိုခန့်နှင့် ရဲဘော်ဗလကဆိုသည်။ 

"နှစ်ကောင် ဆိုင်ကယ်နဲ့ထွက်ပြေးတာ။ နောက်ကနေ သေနတ်နဲ့လိုက်ပစ်တာ။ ကျည်ကုန်သွားလို့ လွတ်သွားတယ်" ဟု တာဝါတိုင်စခန်းသိမ်းခဲ့စဉ်က အတွေ့အကြုံကို ရဲဘော်ကိုခန့်က ပြောပြသည်။

မဟူတောင်တောကြီးထဲမှာ ၂ ရက်တ

အထက်ပါ တာဝါတိုင်စခန်းသိမ်းတိုက်ပွဲ မတိုင်ခင်ရက်က မဟူတောင်တောကြီးအတွင်း ခရီးကြမ်းကို ဖြတ်ကျော်ခဲ့ရသည့် ကာကွယ်ရေးရဲဘော်များသည် ဧပြီလ ၁၆ ရက် တညသာ အိပ်‌ရေးဝဝအိပ်ခဲ့ရပြီး ဧပြီ ၁၅ ရက် တညလုံးရော၊ နောက်တနေ့  ဧပြီလ ၁၆ ရက် တနေကုန်ပါ မအိပ်ခဲ့ကြရပေ။ သူတို့ဆင်နွှဲရမည့် စခန်းသိမ်းတိုက်ပွဲအတွက် စိတ်ခွန်အားက အမြင့်ဆုံးတွင် ရှိနေကြသည်ဟု ရဲဘော်ဗလက ဆိုသည်။

တာဝါတိုင်စခန်းအား တိုက်ခိုက်မည်ဆိုသည်ကို ရဲဘော်ကိုခန့်နှင့် ရဲဘော်ဗလတို့ကဲ့သို့ တပ်ရင်းအလိုက် တာဝန်ရှိသူများနှင့် စစ်ဆင်ရေးဗျူဟာဆွဲသူများမှလွဲ၍ ကျန်ရဲဘော်များအား အသိမပေးခဲ့ကြပေ။ ထိုအချက်သည် သတင်းလုံခြုံရေးအတွက် အဓိကကျသည်ဟု ရဲဘော်ကိုခန့်ကဆိုသည်။

တိုက်ပွဲဝင်လိုသည့် ရဲဘော်များက စစ်ကောင်စီပစ်မှတ် မည်သည့်နေရာဖြစ်ပါစေ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် တိုက်မည့်သူများဖြစ်ပြီး အမိန့်နာခံမှုအားကောင်းသည်ဟု ကိုခန့်ကပြောသည်။ 

မဟူတောင်တောကြီး ခရီးကြမ်းကို မအိပ်၊ မနား နှင်လာခဲ့ကြသော်လည်း ဝတ်စုံအပြည့်ဝတ်ဆင်ထားသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံး သွက်လက်ရွှင်လန်းနေကြသည်။ 

တောထဲမှ သစ်ဥသစ်ဖုများကို တူးဆွပြီး ရယ်ရယ်မောမော စားသောက်နေကြသည်။ ယခင်က မရောက်ဖူးသော တောနက်နက်ထဲတွင် တဦးကိုတဦး အားပေးကူညီရင်း ဦးဆောင်သူများ၏ အမိန့်အောက်တွင် စစ်ရေးပစ်မှတ်ဆီသို့ ချီတက်ခဲ့ကြသည်။ 

တောထဲတွင် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ကြသော်လည်း ပြည်သူထုထုအား အကြမ်းဖက်ရက်စက်နေသည့် စစ်ကောင်စီတပ်ကို ချေမှုန်းမည်ဟူသော ခံယူချက်ဖြင့် အား‌မွေးခဲ့သည်ဟု တိုက်ပွဲဝင်ရဲဘော်တဦးကပြောသည်။

ဧပြီလ ၁၅ ရက် တညလုံး ချီတက်ခဲ့ကြပြီး ဧပြီလ ၁၆ ရက် နေ့လယ်တွင် တောအတွင်း ပုန်းအောင်းနေခဲ့ကြသည်။ ဧပြီလ ၁၆ ရက် ညဦးပိုင်းတွင် စနစ်တကျကင်းချပြီး အလှည့်ကျအိပ်ကာ အားမွေးခဲ့ကြသည်။ 

နောက်နေ့မနက် ဝေလီဝေလင်းတွင်တော့ စစ်ရေးပစ်မှတ်အနီးသို့ အရောက်ချီခဲ့ကြသည်။ ထို့နောက် စစ်ဆင်ရေးဗျူဟာအတိုင်း တာဝါတိုင်စခန်းအား  စခန်းသိမ်းတိုက်ပွဲနွှဲခဲ့ကြသည်။ 

သတင်းလုံခြုံမှုအားကောင်းစွာဖြင့်  ခြေသံလုံလုံ လှုပ်ရှားနိုင်ခဲ့၍ အောင်မြင်မှုရခြင်းဟု ရဲဘော်ဗလက ဆိုသည်။

စစ်ဗိုလ်ကြီး ဆွံ့အခဲ့ရသည့်တိုက်ပွဲစွမ်းရည်

တာဝါတိုင်စခန်းသိမ်းတိုက်ပွဲရုပ်သံကို ယင်းမာပင်ခရိုင်တပ်ရင်း(၁)က ဇွန်လ တတိယပတ်အတွင်း လူမှုကွန်ရက်မှတဆင့် ထုတ်ပြခဲ့သည်။ 

ရန်သူကို အမဲလိုက်သလိုလိုက်နေသော တိုက်ပွဲရုပ်သံသည် လူထုကြား အလွန်ပျံ့နှံ့ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဩဘာပေးခဲ့ကြသည်။ 

CDM ‌ဗိုလ်ကြီးထက်မြက်က ထိုတိုက်ပွဲသည် သူ့အတွက် မျက်လုံးပြူးသွားရသည်အထိ အံ့ဩမှင်သက်ခဲ့ရသည်ဟု ဝန်ခံထားသည်။

"အရင်တုန်းကလို သာမန်ကာလျှံကာ လုပ်သွားတာ မဟုတ်ဘူး။ စခန်းတခုကို သွားပြီးတော့ ချောင်းပစ်တယ်၊ ပြန်ထွက်ပြေးလာတယ်၊ ပြီးရင် နိုင်တယ်ဆိုပြီး အော်တဲ့အဆင့် မဟုတ်တော့ဘူး။ စခန်းတခုကိုဝင်တယ်။ ဝင်ပြီးတော့တိုက်တယ်။ တိုက်ပြီးရင် ဖျက်ဆီးတယ်။ ဖျက်ဆီးပြီးရင် ကျနော်တို့ ရနိုင်သမျှ ကျနော်တို့အတွက် အကျိုးရှိမယ့် လက်နက်ခဲယမ်း၊ ကျည်ဆံ ဒါမျိုးတွေ အကုန်ယူဆောင်လာပြီး စခန်းကိုဖျက်ဆီးတယ်။ အေးအေး လူလူထွက်လာပြီး ကားပေါ်တက် ပြန်ထွက်သွားတာ" ဟု သူက သတင်းဌာနတခုတွင် မှတ်ချက်ပြုခဲ့သည်။ 

ဘက်ဟိုးများ၊ ဘူဒိုဇာများ၊ အုတ်ခံအဆောက်အဦများဖြင့် တည်ဆောက်ထားသော မဆုတ်တမ်းခံစစ်ကြီးကို  ညာသံပေးပြီး တိုက်ခိုက်ကြသည့်အဆင့်သည် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ ထက်မြက်သည့် စစ်ရေးစွမ်းရည်ကို ပြနေသည်ဟု ဗိုလ်ကြီးထက်မြက်က ဆိုသည်။ 

ထို့အပြင်  တိုက်ပွဲပြီးဆုံးသည်အထိ စစ်ကူ မလာနိုင်ခြင်းက စစ်ကောင်စီ၏ စစ်ရေးစွမ်းရည် ပရမ်းပတာဖြစ်နေသည်ကို မြင်သာစေသည်ဟုဆိုသည်။

"ဒါမျိုးဖြစ်ရမှာ၊ ဒါမျိုးချရမှာ၊ ဒါမှ စစ်သားဆိုတဲ့ အဲလိုစိတ်မျိုးဖြစ်တယ်" ဟု တာဝါတိုင်စခန်းသိမ်း တိုက်ပွဲရုပ်သံ ကို ကြည့်ပြီး ဗိုလ်ကြီးထက်မြက်က မှတ်ချက်ပြုသည်။

တာဝါတိုင်စခန်းသိမ်းတိုက်ပွဲသည် ကနီနယ်တွင် ရှားရှားပါးပါးဖြစ်သည့် တိုက်ပွဲမဟုတ်။ ကနီနှင့် ယင်းမာပင်‌ ဒေသပတ်ဝန်းကျင်ရှိ ချင်းတွင်းမြစ်ဝှမ်းဘေး ထိစပ်ဒေသတွင် နွေဦးတော်လှန်ရေးကာလအတွင်း  စစ်ကောင်စီ အထိနာခဲ့သော မုဌောရွာတိုက်ပွဲ၊ မင်းမရွာတိုက်ပွဲ၊ နဘူးတောရွာတိုက်ပွဲ၊ ကျောက်မှော်ရွာတိုက်ပွဲနှင့် ချင်းတွင်းမြစ်ကြောင်းထဲမှ ဆီသင်္ဘောများကို သိမ်းယူခဲ့သည့် တိုက်ပွဲများ ဖြစ်ခဲ့သည်။ 

တာဝါတိုင်စခန်းသိမ်းတိုက်ပွဲကတော့ ကမ္ဘာ့အဆင့်မီတပ်မတော်အဖြစ် စစ်တပ်အသိုင်းအဝိုင်းအတွင်း ဟစ်ကြွေးထားသည့် စစ်ကောင်စီ၏ အရေခွံကို ခွာချနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။ 

သို့သော် ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင်လည်း ထိခိုက်မှုများရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ကျဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရခဲ့သည်။ ရဲဘော်ဗလအပါအဝင် သုံးဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

ဒဏ်ရာရသူများအနက် တဦးသည် လည်ပင်းကျည်ထိခဲ့သောကြောင့် ယခုအချိန်အထိ အရေးပေါ် အခြေအနေဖြင့် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။ ခြေထောက်ဒဏ်ရာကို အကြီးစားခွဲစိတ်ခဲ့ရသူလည်း ရှိခဲ့သည်။

ဗိုလ်ဗလကိုယ်တိုင် လက်တဖက်စွန့်လွှတ်လိုက်ရပြီး ကျန်လက်တဖက်မှ ဒဏ်ရာကို ကုသနေရဆဲဖြစ်သည်။

သို့သော် ဗိုလ်ဗလက သူယုံကြည်သော လူထုတော်လှန်ရေးကို နည်းပေါင်းစုံဖြင့် ပါဝင်နေဆဲဖြစ်သည်။ နေ့စဉ်ရက်ဆက်ပြုလုပ်နေသော  ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ်တွင် ဗိုလ်ဗလက လက်တဖတ်ပြတ်နဲ့ပင် အားကျိုးမာန်တက် ပူးပေါင်းပါဝင်နေသည်။ 

ယင်းမာပင်မြို့မှ လူငယ့်အားမာန် သပိတ်စစ်ကြောင်းကိုလည်း သူက ဦးဆောင်နေသည်။ စစ်အာဏာရှင် တော်လှန်ရေးအတွက် လိုအပ်ပါက သေနတ်စွဲကိုင် တိုက်ပွဲဝင်ဦးမည်ဟု သူကဆိုသည်။ 

ကျန် အသေးစားဒဏ်ရာရ ရဲဘော်များကတော့ ယခုအခါ တိုက်ပွဲပြန်ဝင်နေကြပြီဖြစ်သည်။ တဖက်တွင်လည်း စစ်ကောင်စီက တာဝါတိုင်စခန်းကို အခိုင်အမာပြန်တည်ဆောက်နေပြီး အင်အားတိုးချထားသည်ဟုဆိုသည်။

ပြည်သူကို ရန်သူလို ဆက်ဆံနေသည့် စစ်ကောင်စီအနေဖြင့် တာဝါတိုင်စခန်းတွင်သာမက မြန်မာနိုင်ငံအနှံ့ ခြေချ၍မရအောင် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ တိုက်ခိုက်သွားမည်ဟု ချင်းတွင်းမြစ်ဝှမ်းဒေသမှ အညာသား ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောကြသည်။

တာဝါတိုင်စခန်းသိမ်းတိုက်ပွဲကို ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့သည့် ယင်းမာပင်ခရိုင်တပ်ရင်း(၁) တာဝန်ခံရဲဘော်ကိုခန့် က ယခုကဲ့သို ကြုံးဝါး‌သည်။

"သွေးထွက်သံယိုမရှိဘဲ ဒီမိုကရေစီရတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာ မရှိပါဘူး။ ဒီတခါ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲက သေချာပေါက်ကိုအောင်မှာဖြစ်ပြီး ကျနော်တို့လက်ထက်မှာ ဒီမိုကရေစီရအောင်လုပ်မှာ"  

#မြေလတ်အသံ 

#ဆောင်းပါး #သတင်းဆောင်းပါး #တာဝါတိုင် #တိုက်ပွဲ #ချင်းတွင်းမြစ်ဝှမ်းဒေသ #စစ်ကိုင်း #ယင်းမာပင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10