ချောင်းတော်ဝရွာက နေအိမ် ၂၀ ကို စစ်တပ်ကမီးရှို့

ချောင်းတော်ဝရွာက နေအိမ် ၂၀ ကို စစ်တပ်ကမီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာက နေအိမ် ၂၀ ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

မေ ၄ ရက် မနက် ၅ နာရီလောက်မှာ ငါးလုံးပြွန်ရွာ၊ တံငါရွာနဲ့ သဖန်းကိုင်းကျေးရွာက စစ်ကောင်စီ စစ်ကြောင်းတွေဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပါတယ်။

စစ်ကြောင်း ၃ ကြောင်းထဲမှ တံငါရွာကထွက်လာတဲ့ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ အဆိုပါကျေးရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ ချောင်းတော်ဝကျေးရွာထဲကို မနက် ၉ နာရီလောက်မှာ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှီု့ခဲ့တာလို့ ဆိုပါတယ်။ 

ချောင်းတော်ဝကျေးရွာကို မီးရှို့ပြီးနောက် စစ်ကြောင်းက မနက် ၁၀ နာရီလောက်မှာ မတ္တရာမြို့ထဲကို ဝင်သွားတယ်လို့ ဆိုပါတယ်။ ချောင်းတော်ဝကျေးရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပြီး ရွာသားတွေလည်း ရွာကနေထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းတာဝန်ခံက ဘိုတောက်က ပြောပါတယ်။ 

မီးမရှို့ခင် စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသခံ ဖမ်းဆီးခံရမှုတွေလည်းရှိကာ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

ဧပြီ ၂၇ ရက်ကလည်း မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာနဲ့ သနပ်ကုန်းကျေးရွာတွေဘက်ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဟင်္သာကုန်းကျေးရွာက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း မန္တလေးတိုင်းထဲက ပြည်သူ့နေအိမ် ၁၂၂၀ လုံးကို စစ်ကောင်စီအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သုသေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar က မေ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #မီးရှို့ #နေအိမ်ပျက်စီး #ဒေသခံ #ထွက်ပြေး #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10