ချောင်းဦးမှာ ခရီးသွားတွေဆီက ငွေကောက်တဲ့ စစ်ကောင်စီဂိတ် တိုက်ခံရပြီး ၃ ဦးသေဆုံး

ချောင်းဦးမှာ ခရီးသွားတွေဆီက ငွေကောက်တဲ့ စစ်ကောင်စီဂိတ် တိုက်ခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရေပိုးစားရွာက ရေကန်နားမှာ ခရီးသွားတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ People’s Defence Force - South Monywa၊ တပ်ခွဲ ၂၊ Black Hunter People’s Task Force တပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၁ ရက် မနက် ၁၁ နာရီလောက်မှာ ဂွေးပင်တောဘုန်းကြီးကျောင်းကနေ အင်အား ၂၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီဘုန်းကြီးကျောင်းနဲ့ ၁ မိုင်ဝန်းကျင်လောက်ဝေးတဲ့ ရေပိုးစားကန်နားမှာ ငွေကြေးကောက်ခံနေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ် လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှ ၂ ဦးဟာလည်း မေ ၂ ရက် ဒီနေ့မနက် ပိုင်းမှာ ထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ်။

“ပစ်ခတ်မှုကတော့ ၁၅ မိနစ်လောက်ကြာသွားတယ်။ အဲဒီလမ်းပိုင်းမှာ သူတို့က နေ့တိုင်းလိုလိုပိုက်ဆံလာ ကောက်နေတာ။ ပစ်ခတ်ပြီးချင်း ၁ ဦးက ရင်ဘတ်မှန်ပြီး ပွဲချင်းပြီး သေတယ်။  ဒီနေ့မနက် ဒဏ်ရာရတဲ့ထဲက ၂ ကောင်ထပ်သေတယ်” လို့ People’s Defence Force - South Monywa၊ တပ်ခွဲ ၂၊ Black Hunter People’s Task Force တပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်မှုကို People’s Defence Force - South Monywa၊ တပ်ခွဲ ၂၊ Black Hunter People’s Task Force တပ်ဖွဲ့၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နွေဦးလူငယ် People’s Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် အဲဒီစစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ရေပိုးစားရွာထဲကို ပြန်လည်ဝင်ရောက်သွားပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့မနက်အထိ ရေပိုးစားဘုန်းကြီးကျောင်းထဲမှာ ထားရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်မှာတော့ ရေပိုးစားဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေ လူအင်အား ၃၀ ဝန်းကျင် ထပ်မံ ဖြည့်ထားတယ်လို့လည်း သိရပါတယ်။

People’s Defence Force - South Monywa တပ်ဖွဲ့ဟာ ဧပြီ ၂၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်ကောင်စီဂိတ်ကနေထွက်လာတဲ့ စစ်ကောင်စီကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား တချို့ ထိခိုက်သေဆုံးသွားပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့ #ရေပိုးစားရွာ #ခရီးသွား #ငွေကြေး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10