ခွင့်မဲ့/စစ်ပြေးတွေ စစ်မှုပြန်ထမ်းပါက ပြစ်ဒဏ်မပေးဘဲ လက်ခံမယ်လို့ စစ်ကောင်စီထုတ်ပြန်

ခွင့်မဲ့/စစ်ပြေးတွေ စစ်မှုပြန်ထမ်းပါက ပြစ်ဒဏ်မပေးဘဲ လက်ခံမယ်လို့ စစ်ကောင်စီထုတ်ပြန်

စစ်ကောင်စီတပ်ကနေစွန့်ခွာပြီး ခွင့်မဲ့/စစ်ပြေးမှုဖြစ်နေတဲ့ စစ်သားဟောင်းတွေ စစ်မှုပြန်ထမ်းမယ်ဆိုရင် ပြန်လည်လက်ခံမယ်လို့ စစ်တပ်သတင်းထုတ်ပြန်ရေး တယ်လီဂရမ်ကနေတဆင့် ဒီဇင်ဘာ ၃ ရက် မနေ့က သတင်းထုတ်ပြန်လာပါတယ်။

ခွင့်မဲ့/စစ်ပြေးဖြစ်နေတဲ့ စစ်သားတွေက ၎င်းတို့စစ်ကောင်စီတပ်ထံ ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း တင်ပြလာမှုအရ သတ်မှတ်ကာလနဲ့အကျုံးဝင်တဲ့ စစ်သားဟောင်းတွေကို ပြန်လည်လက်ခံပေးသွားမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီလို စစ်မှုထမ်းဆောင်ဖို့ ပြန်လည်ဆန္ဒပြုတဲ့ သာမာန်ပြစ်မှုကျူးလွန်သူ စစ်သားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စစ်ဥပဒေတွေအရ တာဝန်ထမ်းဆာင်ဆဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးဟာ သတင်းပို့တင်ပြခြင်းမရှိဘဲ ၃ နာရီထက် ကျော်လွန်ပြီးပျက်ကွက်နေပါက ခွင့်မဲ့ပျက်ကွက်ဟု သတ်မှတ်ကြေငြာရပြီး ခွင့်မဲ့ပျက်ကွက်ရက် ၂၁ ရက်အထက် ကျော်လွန်ပါက စစ်ပြေးအဖြစ်ကြေငြာရကြောင်း စစ်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ခွင်မဲ့ပျက်ကွက် ၂၁ ရက်အတွင်း ပြန်လည်ဖမ်းဆီးရမိပါက ရာထူးအဆင့်လျှော့ချကာ စစ်ဘက်ထောင်ဒဏ်ချမှတ်ခံရပြီး ၊ စစ်ပြေးအဖြစ်ကြေငြာခံရပြီးပါက နယ်ဘက်ထောင် ၃ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံရတာပါ။

စစ်ကောင်စီတပ်ဟာ လက်ရှိ နိုင်ငံအနှံ့စစ်မျက်နှာတွေမှာ အရေးနိမ့်နေပြီး တိုက်ခိုက်ရေးအင်အားတွေ လိုအပ်နေလို့ သမိုင်းတလျှောက်မရှိခဲ့ဘူးတဲ့ လုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်နေရတာလို့ CDM တပ် မတော်သား ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုပါတယ်။

“ အရင်က စစ်ပြေးတွေကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ခု ခွင့်မဲ့/စစ်ပြေးဖြစ်နေသူတွေလည်း အသိဆုံး ဖြစ်မှာပဲ။ အခုလည်း ခွင့်မဲ့/စစ်ပြေးဖြစ်တဲ့သူတွေကို ပိုက်စိပ်တိုက်ရှာပြီး မိရင်သေတဲ့အထိတောင်ဖြစ်နေတာ။ အခုလည်း သူတို့လိုက်ဖမ်းရတာမောလို့ ဆိုက်ဝါးထည့်ပြီး ပြန်ခေါ်တာလို့ပဲ မြင်ပါတယ်။ ဒီကာလမှာ ဘာဥပဒေမှ မရှိဘူး၊ ဘာမဆို ဖြစ်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ကရင်၊ ရှမ်းမြောက်ဒေသတွေမှာ စစ်ကောင်စီတပ်စခန်းပေါင်းရာနဲ့ချီ သိမ်းခံထားရပြီး တပ်ရင်းလိုက်လက်နက်ချအညံ့ခံမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေသလို ထိခိုက်သေဆုံးများပြားနေပြီး တပ်မမှူးအဆင့်အထိ သေဆုံးမှုရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ အခုက မပြေးတဲ့ကောင်တွေက သေနေတာဆိုတော့၊ နဂိုထဲက မနေချင်လို့ သူတို့ကိုဆန့်ကျင်ပြီး စစ်ပြေးလုပ်တဲ့သူတွေကို အသေခံခိုင်းဖို့လို့မြင်ပါတယ်။ သူတို့ အတွက်ကတော့ အရှုံးမရှိဘူးလေ၊ ပြန်လာရင် သေနတ်ပေး ရှေ့တန်းပို့ပေးလိုက်ရုံပဲ။ သူတို့နဲ့ သိပ်အစေးမကပ်တဲ့သူဆို ရှေ့တန်းတောင်ရောက်မှာမဟုတ်ဘူး တန်းသတ်ပစ်လိုက်လို့ရတယ်။ ဒါကြောင့်လည်း အရှက်ကွဲခံပြီး စာထုတ်ပြန်တာ “ လို့  ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီတပ် #ခွင့်မဲ့ #စစ်ပြေး #ပြန်လည်ခေါ်ယူ #ပြစ်ဒဏ်လွတ်ငြိမ်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10