ဂန့်ဂေါ ခလရ ၅၀ ဆီလာတဲ့ စစ်ကြောင်းကို PDF က မိုင်းဆွဲလို့ အရာရှိ ၁ဦးအပါ ၇ဦးထက်မနည်းသေ

ဂန့်ဂေါ ခလရ ၅၀ ဆီလာတဲ့ စစ်ကြောင်းကို PDF က မိုင်းဆွဲလို့ အရာရှိ ၁ဦးအပါ ၇ဦးထက်မနည်းသေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကို လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၂၀ ရက် ညနေ ၆နာရီကျော်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက အရာရှိ ၁ ဦးအပါ ၇ ဦးထက်မနည်းသေဆုံးကြောင်း ဂန့်ဂေါကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့တောင်ဘက်၊ ပြင်သာရွာအနီး မြစ်သာဆည်ကနေ အင်အား ၅၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ရှောက်ပင်ရွာအနောက်ဘက်ခြမ်းအရောက်မှာ တိုက်မိုင်း ၃ နေရာနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့လာမှာကို ကျနော်တို့သတင်းရထားလို့ မိုင်း ၃ နေရာထောင်ခဲ့တယ်။ ကျနော်တို့မိုင်းဆွဲတဲ့နေ့မှာပဲ ၇ ကောင်သေတယ်။ မနေ့က ထပ်ပြီးကြားသိရတာတော့ ဒဏ်ရာရတဲ့နောက်ထပ် ၂ ဦးထပ်သေတယ်လို့ ကြားတယ် ”လို့ ဂန့်ဂေါကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကြောင်းက ခလရ ၅၀ အတွင်း ဝင်ရောက်သွားခဲ့ပြီးနောက် နာရီဝက်လောက်အကြာမှာ မိုင်းဆွဲတိုက်ခိုက်တဲ့နေရာဘက်ကို ၁၂၀ မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့ ၁ ပွင့်ဗိုလ်အပါအဝင် ၇ ဦးကို ခလရ ၅၀ တပ်အနောက်ဘက် သင်္ချိုင်းမှာ ဇန်နဝါရီ ၂၁ရက်ညနေပိုင်းက မြေမြုပ်သင်္ဂြိုဟ်ခဲ့တယ်လို့  ဆက်ပြောပါတယ်။

စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ယောနယ်အတွင်းစစ်တပ်ဝါဒဖြန့်သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာလည်း PDF က ခိုးကြောင်၊ခိုးဝှက် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်သေဆုံးခဲ့ရကြောင်း ဝန်ခံရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း မြစ်သာဆည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး လက်နက်၊ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ပုံစာ - ဂန့်ဂေါခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF တပ်ရင်း ၇၀၄ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ပုံဟောင်း)။

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#ဂန့်ဂေါ #မြစ်သာဆည် #ခလရ ၅၀ #စစ်ကောင်စီတပ် #မိုင်းဆွဲခံရ #သေဆုံးမှု #PDF #တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10