ဂန့်ဂေါမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိဟုဆို

ဂန့်ဂေါမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိဟုဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို ဦးတည်လာတဲ့ စစ်ကြောင်းကို ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ABSDF Column - 3 တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

မေလ ၃၀ ရက်၊ ညနေ ၄ နာရီလောက်က  ခလရ ၅၀ ရဲ့စစ်သားအင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကို ဂန့်ဂေါမြို့နယ်၊ ကန်သာရွာနဲ့ သာကောင်းရွာကြားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ချိန် ၃ နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ငယ်တွေ ၄၀ မမတွေ အပေါ့စားဗုံးပစ်လောင်ချာတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲပြီးတော့ စစ်တပ်ဘက်က ဒဏ်ရာရသူတွေရော ကျဆုံးသူတွေရောပါ သူတို့အထိုင်ချတဲ့ ကင်းကျေးရွာရဲစခန်းကို ခေါ်သွားတယ်။" လို့  ABSDF စစ်ကြောင်း ၃၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည်ဖြိုးကျော်က ပြောပါတယ်။

ပူးပေါင်း PDF အဖွဲ့တွေဟာ ည ၇ နာရီခွဲလောက်မှာ ဆုတ်ခွာခဲ့ပြီး ပကဖရဲဘော်တဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တာကိုလည်း မြေပြင်သတင်းအရသိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးဒဏ်ရာရမှုနဲ့ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

လက်ရှိမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာနဲ့နီးတဲ့ ကန်သာရွာနဲ့သာကောင်းရွာတို့ကပြည်သူတွေဟာ ကျေးရွာအတွင်းကို ပြန်မဝင်ဘဲ စစ်ရှောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ABSDF စစ်ကြောင်း ၃၊ ဂန့်ဂေါခရိုင် PDF အမှတ် ၁ တပ်ရင်း၊ အမှတ် ၁၂ တပ်ရင်း၊ အမှတ် ၁၄  တပ်ရင်း၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ နယ်မြေခံ ပ.က.ဖ၊ ယောဒေသရှိ ရဲဘော်တွေ ပူးပေါင်းထားတဲ့ တပ်ပေါင်းစုတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၅ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်တွေ စခန်းချထားရာ ပျူစောထီးတွေဝင်ထွက်သွားလာနေတဲ့ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို  ABSDF Column - 3 နဲ့မဟာမိတ်တွေက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က  ၃ ဦးသေဆုံးပြီး အရာရှိတဦး ခြေထောက်ဒဏ်ရာပြင်းထန်ရခဲ့သေးတယ်လို့ ဆိုပါတယ်။

 စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်း #ဂန့်ဂေါ #ABSDF #PDF #စစ်ကောင်စီ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10