ဂန့်ဂေါမှာ လက်နက်ကြီးစထိပြီး ၁၀ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူသေဆုံး

ဂန့်ဂေါမှာ လက်နက်ကြီးစထိပြီး ၁၀ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် သားအမိ ၂ ဦး သေဆုံးပြီး နောက်ထပ်ဒေသခံ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၀ ရက် မနေ့က ညနေ ၃ နာရီလောက်မှာ ဂန့်ဂေါမြို့အရှေ့တောင်ဘက် ယန္တရားကုန်း (သစ်ထုတ်လုပ်ရေးဌာနကကားတွေနဲ့ စက်တွေထားတဲ့နေရာ) ကနေ စစ်ကောင်စီတပ်သားတွေက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အဲ့ဒီနေရာနဲ့ ၂ မိုင်အကွာရှိ အနောက်ဂန့်ဂေါရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

 

လက်နက်ကြီးကျရောက်ပေါက်ကွဲချိန်မှာ မအေးအောင်နဲ့ ၁၀ နှစ်အရွယ်သားဖြစ်သူတို့ လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ပြီး သူတို့ခြံအနီးမှာနေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသား ၁ ဦး နဲ့ အသက် ၈၀ ကျော်အရွယ် အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

“ကလေးအမေကတော့ ပွဲချင်းပြီးသေသွားတယ်။ ကလေးကတော့ ဆေးကုဖို့သွားရင်း လမ်းမှာပဲ သေသွားတယ်။ အခုချိန်ထိတော့ သင်္ဂြိုဟ်တာတွေမလုပ်ရသေးဘူး။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကလည်း မစိုးရိမ်ရတော့ပါဘူး”လို့ ယောအလင်းတန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

တဆက်တည်းမှာပဲ စစ်ကောင်စီတပ်သားတွေရဲ့ အဆိုပါ ယန္တရားကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတွေက ပျားရွာထဲကိုပါကျရောက်ပြီး အဲဒီရွာက နေအိမ် ၂ လုံးလည်း ထိမှန် ပျက်ဆီးခဲ့ပါသေးတယ်။

 

စစ်ကောင်စီတပ်သားတွေ အခုလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဟာ မြစ်သာတမံကနေ ဂန့်ဂေါဘက်ကိုပြန်လာတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်းရှင်းပေးတဲ့အနေနဲ့ ပစ်ခတ်နေတာလို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

 

ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်နဲ့ ယန္တရားကုန်းက စစ်ကောင်စီတပ်သားတွေဟာ မကြာခဏ ဆိုသလို အနီးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်ညနေ ၃ နာရီလောက်မှာလည်း ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ရှုံးရှီကျေးရွာက ၃ နှစ်အရွယ်ကလေးတဦးနဲ့ ၇၀ နှစ်အရွယ် အမျိုးသမီးတဦးတို့ လက်နက်ကြီးစထိမှန် သေဆုံးခဲ့ပါတယ်။

 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေတွေကြောင့် စုစုပေါင်းပြည်သူ ၄၃၉၉ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။

 

 

စာတည်း - လင်း

 #မြေလတ်အသံ

 

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10