ငါတို့ပြည်သူတွေအတွက် ငါတို့ရှိတယ်

ငါတို့ပြည်သူတွေအတွက် ငါတို့ရှိတယ်

လက်နက်ကြီးနဲ့ပစ်ခတ်သံဟာ အေးချမ်းတိတ်ဆိတ်နေတဲ့မြို့ငယ်လေးတမြို့ကို အိပ်မက်ဆိုးမက်လိုက်သလိုဖြစ်ပြီး‌ ကြောက်လှန့်ပြေးလွှားအော်ဟစ်ငိုယိုသံ တွေနဲ့ ဆူညံသွားပါတော့တယ်။ 

အေးချမ်းမှုအရသာကို မြည်စမ်းခံစား‌နေဆဲ အချိန် ဒီဇင်ဘာ ၁၅ ရက်နေ့ကစလို့ KNLA/KNU နဲ့စစ်‌ကောင်စီတပ်တို့ တကြော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြဝတီမြို့နယ် လေးကေ့ကော်ကဒေသခံတွေနဲ့ လာရောက်ခိုလှုံသူတွေဟာ ပြင်ဆင်ချိန်မရပဲရရာ အထုပ်ဆွဲကာ နေအိမ်တွေကို စွန့်ခွာ‌‌ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

တိုက်ပွဲတွေက နောက်နေ့တွေမှာ လေးကေ့ကော်၊ မဲ့ထော်သလေး၊ ပဟိကလော်၊ ဖလူး၊ မေတ္တာလင်းမြိုင်နဲ့ မင်းလက်ပံစတဲ့ ကျေးရွာတွေမှာပါ ပိုမိုပြင်းထန်လာတဲ့အပြင် ရဟတ်ယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်သူတွေဟာ ထိုင်းမြန်မာနယ်စပ်အနီးရှိ သောင်ရင်းမြစ်ကမ်းတလျှောက်က ကရင်ကျေးရွာတွေနဲ့ တောအုပ်တွေထဲမှာသွားရောက်ခိုလုံကြပေမယ့် စစ်ကောင်စီနဲ့ အပေါင်းပါတွေက အဲဒီနေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် သောင်ရင်းမြစ်ကိုဖြတ်ကူးကာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်‌ထွက်ပြေးခိုလုံကြ‌ပေမယ့် စစ်‌ကောင်စီရဲ့လက်နက်ကြီးကျည်ဆံ ၇ လုံး‌ လောက်ဟာ အဲဒီနိုင်ငံထဲအထိကျရောက်ပေါက်ကွဲခဲ့တာမို့ နေအိမ်တလုံးယာခင်းတွေ ပျက်ဆီးခဲ့ပါတယ်။

နေ့စဉ်‌ ထောင်နဲ့ချီ ထွက်ပြေးလာတဲ့ စစ်‌ဘေးရှောင်သူတွေကို ထိုင်းအာဏာပိုင်‌တွေက ထိုင်းစစ်တပ်နဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့‌ စောင့်ရှောက်မှုနဲ့ တာ့ခ်ခရိုင်ထဲက နေရာငါးခုမှာ ယာယီစစ်‌ရှောင်စခန်းတွေဖွင့်လှစ်ထားပြီး မဲဆောက်ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေက မြန်မာပြည်ကစစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စတွေကို တာဝန်ယူစောင့်ရှောက်ပေးထားပေးမယ့်၊ စစ်ရှောင်တွေရုတ်တရက် ရောက်ရှိလာတာဖြစ်လို့ နေရာထိုင်းခင်းကိုတော့ ကြိုတင်ပြင်ဆင်ထားတာမရှိလို့ ချမ်းအေးလှတဲ့ ဆောင်းညအမှောင်ထဲမှာပဲ အသက်အရွယ်မျိုးစုံပါဝင်တဲ့ စစ်ဘေးရှောင်တွေဟာ ဖြစ်သလိုဖြတ်သန်းခဲ့ကြရပါတယ်။

ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေဟာ မထင်မှတ်ပဲ ရုတ်တရက်ထွက်ပြေးလာတာဖြစ်လို့ စားရေးသောက်ရေးအတွက် ရက္ခာတွေမပါလာသလို၊ ပါလာခဲ့ရင်လည်း ချက်ပြုတ်စားသောက်နိုင်ဖို့ အင်မတန်ခက်ခဲလှပါတယ်။

ဒီလိုစစ်ရှောင်ပြည်သူတွေ စားသောက်ရေးအတွက် တိုက်ပွဲစတင်ဖြစ်တဲ့နေ့ကစတင်ပြီး ထိုင်းနိုင်ငံမှာ ရောက်ရှိ‌နေကြတဲ့ မြန်မာနိုင်ငံသား‌အသင်းအဖွဲ့တွေကလည်း စစ်ဘေးရှောင်စခန်းတခုချင်းစီအလိုက် နေ့စဉ်စားသောက်ဖို့ကို တာဝန်ယူကြပါတယ်။

မဲ‌ဆောက်မြို့ မယ်‌တောင်က‌လန်အထက်တန်း‌ကျောင်းက ယာယီစစ်ဘေးရှောင်စခန်းကို နေ့စဉ်ညနေစာချက်ပြုတ်ပို့‌ဆောင်ဖို့တာဝန်ယူထားတာက HELP ဆိုတဲ့ မြန်မာတွေစုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ကဦးဆောင်တာဖြစ်ပြီး၊ ထိုင်းနိုင်ငံရောက်မြန်မာလူငယ်တွေက ဘော်လန်တီယာအဖြစ်ဝင်ရောက်လုပ်ကိုင်ပေးနေကြပါတယ်။ နေ့စဉ် ထမင်းထုပ် အနည်းဆုံး ၁၅၀၀ ခန့် ချက်ပြုတ်ထုတ်ပိုး‌ ပေးရနေရတာကိုတွေ့ရတော့ ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အချိန်မီစားသောက်နိုင်ဖို့ အင်တိုက်အားတိုက် ဝိုင်းဝန်း လုပ်ကိုင်ပေးနေတာကိုမြင်ရတော့ "ငါတို့ပြည်သူတွေမှာ ငါတို့တွေရှိနေသေးတယ်" ဆိုတဲ့ စာသားလေးကို ပြေးမြင်မိပါတယ်။

ဘော်လန်တီယာလုပ်ကိုင်ပေးကြတဲ့ မိန်းကလေးငယ်တွေ ကြက်သွန်နီ၊ ကြက်သွန်ဖြူအခွံခွာရင်းမျက်လုံးတွေစပ်လာလို့ အလှဆုံးချယ်မူန်းထားတဲ့ မိတ်ကပ်ကို မခင်တွယ်နိုင်ပဲ မျက်နှာသစ်ကြတာကိုပြောရင်း ရယ်မောကြတာတွေရှိသလို ဟင်းချက်တဲ့‌ နေရာဟာ နေပူကွင်းဖြစ်တာမို့ ယာယီမိုးထားတဲ့ပလပ်စတစ်မိုးကာအောက်မှာ နေအပူမီးအပူနဲ့ ချွေးသံတွေရွှဲရွှဲ ယောက်မကိုင်ကာ ဝိုင်းကူဟင်းချက်ပေး‌နေတဲ့လူငယ်တွေဆီက တခါတခါရယ်မောသံတွေကြားရအခိုက် တဦးချင်းစီရဲ့ အိမ်ကိုလွမ်းစိတ်နဲ့လတ်တလောပင်ပန်းမူတွေကို‌ ပြေပျောက်သလို ခံစားရပါတယ်။ 

မနက်မိုးလင်းကတည်းက ချက်ပြုတ်လုပ်ကိုင်နေကြပြီး၊ ညနေ‌စောင်းလို့ အိမ်ပြန်ခါနီးမှ ရုတ်တရက် တာဝန်ခံက ထမင်းဘူး သုံးရာစာလိုတယ်လို့ လှမ်းပြောလိုက်တဲ့အခါ အဖွဲ့သားတွေက ငြီးတွားခြင်းမရှိပဲ အားလုံးရယ်မောကာ ထမင်းဗူး ၃၀၀ အတွက် မီးပြန်မွှေးသူကမွှေး၊ ဆန်ဆေးသူကဆေး၊ ကြက်သွန်အခွံခွာသူကခွာနဲ့ ထပ်မံချက်ပြုတ်ကြတာကလည်း ချစ်စရာမြင်ကွင်းတခုပါ။ 

ထမင်းဟင်းချက်ပြုတ်ရာမှာ တာဝန်ယူထားတဲ့ အမျိုးသမီးတဦးပြောတာကတော့ သူတို့တတွေဟာဒီဇင်ဘာ ၁၆ ရက်‌ နေ့ကတည်းက အခုလိုပဲ ချက်ပြုတ်နေရတာကြောင့် အမူအယာအနေအထားရ ပင်ပန်းနွမ်းနယ်မှုတွေမြင်တွေ့နေရပေမယ့်၊ စိတ်ပိုင်းဆိုင်ရာမှာတော့ သူရဲ့သဒ္ဒါစိတ်က ပင်ပန်းမူကို ဖုံးဖိထားပုံ မြင်‌တွေ့ခဲ့ရပါတယ်။ 

HELP အဖွဲ့ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာအဲလက်စ်ဝင်းပြောတာကတော့ လူသားချင်းစာနာစိတ်ကြောင့်ပဲ လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုလို လူသားချင်းစာနာစိတ်နဲ့ ထိုင်းနိုင်ငံရောက်အသင်းအဖွဲ့တွေက ဦးဆောင်ပြီး ငွေကြေးအလှူရှင်တွေရဲ့သဒ္ဒါစိတ်တွေနဲ့ ချမ်းအေးလှတဲ့ဆောင်းညတွေ‌မှာ ဖြစ်သလိုဖြတ်သန်းနေကြတဲ့ စစ်ဘေးရှောင်တွေကို တထောင့်တနေရာကနေ လုပ်အားအလှူနဲ့ နွေးထွေးစွာချက်ပြုတ်ကြွေးမွေးပေးခွင့်ရခဲ့‌တာကိုတော့ တဦးချင်းအနေနဲ့ ပြန်တွေးမိတိုင်း ဝမ်းသာကျေနပ်နေကြပါလိမ့်မယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10