ငါန်းဇွန်နယ်အတွင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က သေဆုံးသူများဟုဆို

ငါန်းဇွန်နယ်အတွင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က သေဆုံးသူများဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေများခဲ့တယ် လို့ CDSOM အဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၃၀ ခန့်ပါ စစ်ကောင်စီအဖွဲ့နဲ့ CDSOM ငါးဇွန်တပ်ခွဲ - NRF၊ ငါန်းဖွန်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မေ ၄ ရက် မနက် ၈ နာရီ ၄၅ နာရီလောက်မှာ တိုက်ပွဲဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

"NRF တပ်ခွဲက ရဲဘော်တွေမှာ စစ်**သေနတ်တွေ ကိုင်ထားကြတယ်။ စစ်တပ်က သူတို့လူအထင်နဲ့ လှမ်းခေါ်တဲ့အချိန်မှာ ၄၀ မမ တလုံးပစ်လိုက်တာ (စစ်သား) ၄ ကောင်သေတယ်။ လက်နက်ငယ်နဲ့ ပစ်ဆုတ် ဆုတ်ခွာချိန်မှာ ၃ ကောင်ထပ်ကျတယ်” လို့ CDSOM တပ်ဖွဲ့တာဝန်ခံ ကိုနွေဦးမောင် ကပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်း မနက် ၉ နာရီလောက်မှာ ငါန်းဇွန်မြို့ကနေ ကား ၂ စီးနဲ့စစ်ကူလာတဲ့ စစ်ကောင်စီအဖွဲ့တွေကိုလည်း ကျန်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ညောင်လေးပင် တာဘောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

"တာဘောင်ပေါ်မှာ ကားကိုရပ်ပြီး စစ်သားတွေ လမ်းဆင်းလျှောက်လာတယ်။ အဲဒီအချိန်မှာ မိုင်းဆွဲတိုက်ခိုက်လို့ ၄ ကောင် ထပ်ကျတယ်" လို့ ကိုနွေဦးမောင်က ပြောပါတယ်။

စစ်သား ၄ ယောက် သေဆုံးမှုကိုတော့ ဒေသခံပြည်သူတွေရဲ့ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပြီး သေဆုံးစစ်သားတွေကို ထော်လာဂျီနဲ့ ငါန်းဇွန်မြို့ဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စုစုပေါင်း စစ်သား ၁၁ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ် ၂ စီးဆုံးရှုံးခဲ့ကာ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ကိုနွေဦးမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရစ်ကန်ကျေးရွာ တာဝါတိုင်စောင့် စစ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - ရှေ့တန်းရောက် CDSOM တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #စစ်ပွဲ #မိုင်းဆွဲ #စစ်သားသေဆုံး #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10