စကခ ၈ မှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် မိုင်းဆွဲခံရ၊ ဒဏ်ရာပြင်းထန်လို့ သေနိုင်ဖွယ်ရှိ

စကခ ၈ မှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် မိုင်းဆွဲခံရ၊ ဒဏ်ရာပြင်းထန်လို့ သေနိုင်ဖွယ်ရှိ

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈) စကခမှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင်နဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တပ်မဟာ ၅ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မေ ၃ ရက် ည ၈ နာရီခန့်မှာ ၎င်းစခန်းထိုင်ကွပ်ကဲတဲ့ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ ဗျူဟာကုန်းကနေ ကားလမ်းတဖက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်းကို ညအိပ်အခြေပြုဖို့လာရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ သေတာက တပ်သားတယောက်။ တပ်မမှူးက ဒဏ်ရာပြင်းထန်တယ်။ ရှင်ဖို့ ရာခိုင်နှုန်းနည်းတယ်။” လို့ မြေပြင်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

စကခ ၈ စကခမှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် ရှေ့တန်းမှာထိခိုက်မှုရှိကြောင်း စကခ ၈ အခြေစိုက်ရာ ထားဝယ်မြို့တပ်နယ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကလည်း ဆိုပါတယ်။

“ တပ်မမှူး ထိတယ်ဆိုတာ သတင်းသဲ့သဲ့တော့ကြားတယ်။ သူတို့ထိရင်သတင်းကို မရ၊ ရအောင် လိုက်ဖုံးတာဆိုတော့ သေချာမသိရဘူး။ ရေဖြူ ၄၀၆၊ ၄၀၇ တပ်တွေလည်း အထိများတယ်လို့လည်း သိရတယ် “ လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင်ဟာ စကခ ၈ စကခမှူးအဖြစ် ပြီးခဲ့နှစ်သြဂုတ်လက ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပြီး အလုပ်သင်ဗိုလ်(တေဇ)အပတ်စဉ် ၂၆ ဆင်း ဖြစ်တယ်လို့ သိရပါတယ်။

စကခ ၈ နဲ့လက်အောက်ခံတပ်တွေဟာ စစ်အာဏာသိမ်းချိန်ကစလို့ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်၊ ကမမောင်းဒေသမှာ စစ်ဆင်ရေးဝင်ရောက်နေရတာ ၃ နှစ်ကျော်ရှိပြီဖြစ်ပြီး အဆိုပါကာလအတွင်း စကခမှူး ၃ ဦးအထိ အပြောင်းအလဲရှိခဲ့တာဖြစ်ပါတယ်။

ပုံစာ - စကခ ၈ မှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် ကို ယခင်နှစ် အောက်တိုဘာလအတွင်းက ကမမောင်းမြို့ဆေးရုံမှာ တွေ့ရစဉ်။

#မြေလတ်အသံ

#စကခ ၈ #တပ်မမှူး #မိုင်းဆွဲခံရ #ထိခိုက်မှုရှိ #ဖာပွန် #ကမမောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10