စစ်ကိုင်းနယ်က ရွာမရွာကို စစ်တပ်ကမီးရှို့လို့ အိမ် ၁၀ လုံး မီးလောင်ပျက်စီး

စစ်ကိုင်းနယ်က ရွာမရွာကို စစ်တပ်ကမီးရှို့လို့ အိမ် ၁၀ လုံး မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၁၀ ရက် မနက် ၁၁ နာရီကျော်မှာ ပစ်ခတ်ဝင်ရောက် မီးရှို့ရာ လူနေအိမ် ၁၀ လုံး ပြာကျပျက်စီးခဲ့ပြီး ရွာခံ ၂ ဦးလည်း ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်ကနေ အင်အား ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကိုင်း-မုံရွာ ကားလမ်းဘေးရှိ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ရွာမကျေးရွာကို ပစ်ခတ်ဝင်ရောက်လာကာ နေအိမ်တွေကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"စက်လတ်တွေနဲ့ တရစပ်ပစ်ဝင်တာ။ အဲ့အချိန်မှာ ထွက်ပြေးကြသူတွေအထဲ အမျိုး သားတယောက်နဲ့ အမျိုးသမီးတယောက်ကို ကျည်ထိသွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး"လို့ ရွာမကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

နေအိမ်တွေကို မီးရှို့ပြီးနောက် ကျေးရွာထဲကနေထွက်သွားတဲ့ အဲ့ဒီစစ်ကောင်စီတပ်သားတွေကို ကျေးရွာကာကွယ်ရေးအဖွဲ့က ၅ မိနစ်ခန့်ကြာ လိုက်လံပစ်ခတ်တိုက်ခဲ့တာကြောင့် ကျေးရွာဘက်ကိုပြန်မဝင်ဘဲနဲ့ စစ်ကိုင်းမြို့ဘက်ကို ဆုတ်ခွာသွားကြတယ်လို့ ပကဖတာဝန်ခံက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက်မှာတော့ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေကို ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ရွာထဲပြန်ဝင်ခွင့်ပြုထားလိုက်တဲ့အတွက် ဒေသခံတွေအားလုံး ရွာထဲကိုပြန်ဝင်နေကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာလည်း အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သား‌တွေဟာ ရွာမကျေးရွာက်ို ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာ ကျေးရွာပကအဖွဲ့မှ ရဲဘော် ကိုထုရှည်ဆိုသူ ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွာမ #စစ်ကောင်စီ #မီးရှို့ #ဒေသခံ #ကျည်ထိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10