စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ကလေးတဦးသေဆုံး

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ကလေးတဦးသေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စားကျက်ကျေးရွာကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာတော်ကျေးရွာက အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦးသေဆုံးပြီး မိခင်နဲ့ အဘွားဖြစ်သူတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းမှာ စားကျက်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက အင်အား ၄၀ နဲ့ ဝင်ရောက်လာပြီး ဖေဖော်ဝါရီ ၂၅ ရက် ဒီမနက် ၇ နာရီခွဲလောက်မှာ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ ရွာသစ်ကုန်း၊ ဟင်္သာကြီး၊ ရွာတော်၊ ရွာသာ စတဲ့ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"ရွာတော်က အိမ်ပေါ်ကိုကျတာလို့ ပြောတယ်။ အမေဖြစ်သူက ခေါင်းမှန်ပြီး အသက် ၇၅ နှစ်အရွယ် အဘွားက ခြေထောက်ဖြတ်ရမှာ"လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် အဆိုပါလက်နက်ကြီးက စားကျက်ကျေးရွာနဲ့ မြစ်သာခြားတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာဘက်ကိုပါ ကျရောက်ခဲ့ပြီး ဒေသခံတဦး ဒဏ်ရာရခဲ့ပါတယ်။ 

စဉ့်ကူးနယ်အတွင်းမှာလည်း စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်လေ့ရှိပြီး ဒီတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးကြဖို့ကိုလည်း ပြင်ဦးလွင်ခရိုင်ပကဖက နှိုးဆော်ထားပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ စစ်ကောင်စီနဲ့လက်ပါးစေတွေကြောင့် စုစုပေါင်းပြည်သူ ၄၅၈၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #စဉ့်ကူး #စစ်ကောင်စီ #လက်နက်ကြီးပစ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10