စစ်ကောင်စီက စစ်မှုမထမ်းမနေရဥ‌ပဒေကို မစိုးရိမ်ဖို့ ဝါဒဖြန့်စာရွက်တွေ လိုက်ဝေနေ

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥ‌ပဒေကို မစိုးရိမ်ဖို့ ဝါဒဖြန့်စာရွက်တွေ လိုက်ဝေနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က လူစည်ကားရာ မီးပွိုင့်တချို့မှာ စစ်မှုမထမ်းမနေရဥ‌ပဒေနဲ့ ပတ်သက်ပြီး မစိုးရိမ်ဖို့ ဝါဒဖြန့်စာရွက်တွေ လိုက်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့နေလယ်ပိုင်းမှာ ဇောတိကမီးပွိုင့်အနီးက ပြည်သူတွေကို စစ်ကောင်စီတပ်သားတဦးနဲ့ ရဲတဦးက ဝါဒဖြန့်စာရွက်တွေ လိုက်ဝေနေတာလို့ ဆိုပါတယ်။

“လမ်းသွားလမ်းလာတွေကို ဝေတာ၊ ပြည်ထောင်စုလမ်း လူစည်တဲ့နေရာတွေရော ဝေတယ်၊ ဇောတိက မီးပွိုင့် ဗိုလ်ချုပ်လမ်းမှာလည်း ရဲတွေ လာဝေသွားတယ်။”လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ဝါဒဖြန့်စာမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်မပူကြဖို့၊ အသက်ပြည့်မီသူတိုင်းကို ချက်ချင်းခေါ်ယူမှာမဟုတ်ဘဲ စစ်မှုထမ်းဥပဒေရေးဆွဲပြီးမှသာ ခေါ်ယူမှာဖြစ်ကြောင်း၊ စစ်သင်တန်းတက်ပြီးနောက် ကိုယ့်ရပ်ရွာမှာပဲ ပြန်တာဝန်ယူလို့ရကြောင်း၊ ရှေ့တန်းလိုက်ဖို့မဟုတ်ဘဲ နောက်တန်းမှာပဲ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း စတဲ့အချက်တွေအပြင် ကာကွယ်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြောင်း သတိပေးစာတွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ အတည်ပြုခဲ့ပြီးနောက် မန္တလေး၊ နေပြည်တော်၊ ပဲခူးနဲ့ မုံရွာမြို့ပေါ် ရပ်ကွက်တချို့မှာ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေစာရင်းတွေ လိုက်လံ ကောက်ယူနေတာဖြစ်ပြီး မန္တလေးမှာတော့ စစ်မှုထမ်းလျှောက်လွှာပေးပို့ခံရတဲ့ တက္ကသိုလ် ကျောင်းသားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်သားနဲ့ လဝကရုံးဝန်ထမ်းတွေပါဝင်တဲ့ အဖွဲ့ဟာ မုံရွာမြို့ပေါ်က သလ္လာ၀တီရပ်ကွက်၊ ရုံးကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ အေးသာယာရပ်ကွက်တို့မှာ အိမ်ထောင်စုစာရင်း ကောက်ယူပြီး စက်မှုဇုံရပ်ကွက်ထဲက စက်ရုံတချို့မှာလည်း အလုပ်သမား စာရင်းတွေ ကောက်ယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #မုံရွာ #စစ်မှုမထမ်းမနေရဥပဒေ #ဝါဒဖြန့် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10