စစ်ကောင်စီက ဗျူဟာပြောင်းတိုက်ခိုက်လို့ ဇွန်လအတွင်း PDF ၆၀ကျော် ‌ကျဆုံး

စစ်ကောင်စီက ဗျူဟာပြောင်းတိုက်ခိုက်လို့ ဇွန်လအတွင်း PDF ၆၀ကျော် ‌ကျဆုံး

စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းမှာ အာဏာသိမ်းမင်းအောင်လှိုင်ရဲ့တပ်တွေက စစ်ဗျူဟာပြောင်းပြီး တိုက်ခိုက်လာတာကြောင့် ဇွန်လအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၆၀ ကျော်ကျဆုံးခဲ့ပြီး လက်နက် ၃၀ ကျော်လည်း သိမ်းဆည်းခံလိုက်ရပါတယ်။ 

 

မြေလတ်အသံသတင်းဌာနရဲ့ ကောက်ခံပြုစုထားတဲ့စာရင်းအရ PDF ၆၀ ကျော်သေဆုံးခဲ့တာကို တွေ့ခဲ့ရပေမယ့် အညာဒေသက ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ကတော့ အဲဒီစာရင်းအရေးအတွက်ထက် ပိုမိုများနိုင်ပြီး စုစုပေါင်း သေဆုံးစာရင်းဟာ ပြည်သူတွေမပါဘဲ PDF တွေချည်းပဲ ၈၀ ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။

 

အဲ့ဒီစာရင်းတွေထဲမှာ တိုက်ပွဲအတွင်းကျဆုံးတာ၊ စခန်းဝင်စီးခံရတာအပြင် မတော်တဆမှုတွေနဲ့ ကျဆုံးသွားရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

 

မြေလတ်အသံသတင်းဌာနရဲ့ တွေ့ရှိချက်အရ ကျဆုံးရဲဘော်တွေထဲမှာ စခန်းစီးနင်းခံရပြီး သေဆုံးခဲ့ရတဲ့ ရဲဘော် ၂၀ ဦးခန့်ရှိပြီး အလစ်ငိုက်ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ ရဲဘော်ကတော့ ၂၆ ယောက်ခန့်ရှိတာကို တွေ့ရပါတယ်။

 

စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဆားလင်းကြီးပကဖအဖွဲ့ဝင် ကိုဗန့်ဂျီအား မီးသင်္ဂြိုဟ်နေစဉ် (ဇွန်-၁၁)

 

အဲဒီအထဲကမှ ဇွန် ၂၅ ရက်က စစ်ကိုင်းမြို့ ကင်းတော်ရွာမှာဖြစ်ခဲ့တဲ့ ငါန်းဇွန်ပကဖစခန်း စီးနင်းခံရမှုနဲ့  ဇွန်လ ၂၈ ရက်က  စစ်ကိုင်းမြို့ တလိုင်းရွာနားမှာဖြစ်ခဲ့တဲ့ အလစ်ငိုက်တိုက်ခိုက်ခံရမှုတွေမှာ ရဲဘော် ၁၀ ဦးကျော်စီ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီဖြစ်စဉ် ၂ ခုဟာ အခုလအတွက် PDF ရဲဘော် သေဆုံးမှုအများဆုံး ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

 

ကျဆုံးရဲဘော်တွေထဲမှာ စစ်ကိုင်းတိုင်းက ရဲဘော် ၅၀ ကျော်၊ မကွေးတိုင်းက ရဲဘော် ၆ ဦး၊ မန္တလေး၊ မြင်းခြံနယ်စပ်က ရဲဘော် ၅ဦးတို့ ကျဆုံးထားတာဖြစ်ပြီး အ‌ဆိုပါ ရဲဘော်တွေထဲမှာ တပ်ဖွဲ့ခေါင်းဆောင်၊ ဒုတပ်ရင်းမှူး၊ တပ်စုမှူး၊ ဒုတပ်စိတ်မှူး၊ ပအဖအဖွဲ့ဝင်၊ ပကဖအဖွဲ့ဝင်တွေ ပါဝင်ကြတာကို လေ့လာတွေ့ရှိရပါတယ်။

 

အခုလို ကျဆုံးမှုတွေဖြစ်ခဲ့တာဟာ စစ်ကောင်စီတပ်ဘက်က စစ်ဗျူဟာပြောင်းတိုက်ခိုက်လာတာ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တဖက်ရန်သူကို အထင်သေးပြီး ပေါ့ပေါ့လျော့လျော့ နေထိုင်လုပ်ကိုင်တာတွေကြောင့်ဖြစ်တယ်လို့ စစ်ကိုင်းနဲ့မကွေးတိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

 

ဂန့်ဂေါခရိုင် Yaw Revolution Army အဖွဲ့ခေါင်းဆောင် သခင်ဇော်က အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာမျိုးတွေ မလုပ်တော့ဘဲ ပြောက်ကျားနည်းဖြစ်တဲ့ အလစ်အငိုက်ခြုံခိုတိုက်ခိုက်တဲ့နည်းတွေကို အသုံးပြုတာ၊ သတင်းအတိအကျရပြီး PDF တပ်စခန်းတွေကို ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်လာတယ်လို့ ဆိုပါတယ်။ 

 

ငါန်းဇွန်ပကဖ စခန်းစီးနင်းခံရစဉ် သိမ်းဆည်းခံရသည့် လက်နက်ပစ္စည်းတချို့ (ဇွန်-၂၅)

  

ဒါကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ “စစ်စည်းကမ်းနဲ့အညီနေနိုင်ဖို့က တအားအရေးကြီးတယ်။ အဲ့ဒါ ပေါ့လျော့ရင်တော့ ရန်သူရဲ့ အငိုက်ခံရမှာပဲ"လို့ သူက သတိပေးပါတယ်။ 

 

မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ဗိုလ်စံသျှားကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောင်းလဲလာတဲ့ ဗျူဟာတွေကို ပိုမိုသတိထားရတော့မှာဖြစ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ အားနည်းချက်တွေကို ပြင်ဆင်ရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

 

“တခါတလေ သူတို့ကို(စကစ)ကို အထင်သေးမိတယ်။ ဒီနေရာမလာနိုင်ပါဘူး၊ ဒါမလုပ်နိုင်ပါဘူးဆိုပြီး ရန်သူကို သွားပြီးအထင်သေးတယ်။ အဓိက အားနည်းချက်ကတော့ ရန်သူကို အထင်မသေးဘဲနဲ့ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ရမယ်။ ပြောချင်တာက ရန်သူဆိုတာလည်း ရန်သူပီပီ နည်းလမ်းမျိုးစုံနဲ့လုပ်မှာပဲ” လို့ သူက မှတ်ချက်ပြုပါတယ်။ 

 

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖူးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း သူ့ရဲ့တိုက်ပွဲအတွေ့အကြုံတွေအရ စစ်ကောင်စီဟာ စစ်ကြောင်းထိုးတဲ့အခါမှာ စစ်ကြောင်းတကြောင်းကို အင်အားစုသုံးဖွဲ့ခွဲကာ ထိုးတတ်ပြီး PDF တွေနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တာဟာ အင်အားစု တစုသာဖြစ်ပြီး နောက်ချန်အင်အားစု တစုက လက်နက်ကြီးနဲ့ပစ်ကူပေးတတ်တယ်လို့ ဆိုပါတယ်။

 

ငါန်းဇွန်ပကဖ စခန်းစီးနင်းခံရစဉ် ကျဆုံးခဲ့သည့် ရဲဘော်များ (ဇွန်-၂၅)

  

“နောက်ချန်တစုက လွတ်နေတယ်။ အဲဒီလွတ်နေတဲ့တစုက ပတ်ပတ်လည်ကစားနေတာ။ အဲဒီမှာ ကျနော်တို့တွေ ပိတ်မိတာ၊ ဘေးကျပ်နံကျပ်တွေဖြစ်တာ။ အဲဒီလိုဟာမျိုးနဲ့ စစ်တပ်က မဟာဗျူဟာဆင်နွှဲနေတာ” လို့ သူက ဆိုပါတယ်။ 

 

စစ်ကောင်စီအနေနဲ့ ဒီလိုစစ်ရေးဗျူဟာတွေ ပြောင်းသုံးလာတဲ့အခါမှာ တိုက်ခိုက်ရေးနဲ့ စစ်ရေးအသားမကျနိုင်သေးတဲ့ ဒေသကာကွယ်ရေးတပ်တွေအတွက် အခက်အခဲဖြစ်ပြီး အားနည်းချက်တွေပေါ်လာတာမျိုး ဖြစ်တတ်တယ်လို့ သူကဆိုပါတယ်။ 

 

အညာဒေသမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြောက်ကျားနည်းဗျူဟာနဲ့ သတင်းဦးရအောင်ကြိုးစားပြီး သေချာတိတိကျကျတိုက်ခိုက်တဲ့ နည်းဗျူဟာကို ပြောင်းလဲအသုံးပြုတိုက်ခိုက်လာတယ်ဆိုတဲ့ အချက်အပေါ်  Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးကလည်း ထောက်ပြပါတယ်။ 

 

စစ်ကောင်စီတပ်တွေဟာ ဟန်ရေးပြ စစ်ကြောင်းထွက်ကာ ကျန်တဖွဲ့က ကင်းပုန်းဝပ်ပြီး PDF တပ်ဖွဲ့တွေလာမယ့် လမ်းကြောင်းမှာ အသင့်စောင့်ဆိုင်း တိုက်ခိုက်တာ၊ PDF အထိုင်စခန်းတွေရဲ့ နေရာအတိအကျကို သတင်းအချက်အလက် စုဆောင်းပြီးမှ စနစ်တကျပိတ်ဆို့ဖမ်းဆီးတာမျိုးတွေ လုပ်လာကြတယ်လို့ သူကဆိုပါတယ်။ 

 

ငါန်းဇွန်ပကဖ စခန်းစီးနင်းခံရစဉ် ကျဆုံးခဲ့သည့် ရဲဘော်များ (ဇွန်-၂၅)

  

“သူတို့ဘက်ကလည်း ပြောက်ကျားနည်းဗျူဟာတွေသုံးလာတယ်။ တဖက်က ဟန်ရေးပြတယ်၊ ဟန်ရေးပြပြီး ရှေ့မှာကင်းပုန်းဝပ်တယ်ပေါ့။ ဟန်ရေးပြတဲ့နေရာကို စစ်ကြောင်းကလာမယ်။ ဒီကောင်တွေက ဖြတ်သုတ် (PDF တွေကို ဖြတ်တိုက်) လိုက်တယ်” လို့ ပြောင်းလဲလာတဲ့ စစ်ကောင်စီရဲ့ဗျူဟာကို ကိုသက်ကြီးက ရှင်းပြပါတယ်။ 

 

ဇွန်လ ၂၈ ရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာအနီး စစ်ကိုင်း-ရွှေဘို ဗျူဟာလမ်းပေါ် မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်လို့  ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၁၄ ဦးသေဆုံးခဲ့သလို သေနတ် ၁၀ လက်ကျော်နဲ့ လက်ပစ်ဗုံးတွေလည်း သိမ်းဆည်းခံခဲ့ရပါတယ်။ 

 

PDF တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မန္တလေးမြို့နယ်၊ ဧရာဝတီမြစ် တဖက်ကမ်းကနေပြီး သံခွံရေယာဉ်၊ စပိဘုတ်ရေယာဉ်တွေနဲ့ စစ်ကိုင်းဘက်ကမ်းကို ကူးလာတာဖြစ်ပါတယ်။  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကြောင်းမရောက်သေးဘူးအထင်နဲ့ သွားရောက်ခဲ့ရာက တလိုင်းကျေးရွာကို ဝင်ပြီး ရှေ့ဆက် စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးပြီး အခုလို ပစ်ခတ်ခံလိုက်ရတာပါ။ 

 

ဇွန်လ ၂၅ ရက်မှာလည်း စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာမှာရှိတဲ့ ငါန်းဇွန်ပကဖစခန်းကို စစ်ကောင်စီတပ်ဖွဲ့ တွေက စီးနင်းဝင်ရောက်ခဲ့လို့ PDF ၁၂ ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့ပါသေးတယ်။  စီးနင်းခံခဲ့ရသည့် ကင်းတော်ကျေးရွာစခန်းဟာ ငါန်းဇွန်မြို့နဲ့ ဧရာဝတီမြစ်တခုသာခြားတဲ့ မြစ်ကမ်းဘေးက စခန်းတခုဖြစ်ပါတယ်။ 

 

တလိုင်းရွာအနီး၊ စစ်ကောင်စီကင်းပုန်းကြောင့် ကျဆုံးခဲ့သည့် စစ်ကိုင်း တပ်ရင်း ၃ နှင့် တပ်ရင်း ၁ မှ ရဲဘော်များ (ဇွန်-၂၈)

 

စခန်းကို ဝင်စီးမခံရခင် တရက်အလိုက တံတားဦးဘက်မှ စစ်ကား ၆ စီးနဲ့ စစ်ကောင်စီအင်အားအများအပြားဟာ ငါန်းဇွန်မြို့ကို ဝင်ရောက်လာတယ်လို့ သတင်းတွေ ကြိုတင်ရခဲ့ပါတယ်။ အဲဒီလို သတင်းတွေရရှိပြီး နောက်ရက် မနက်စောစောမှာပဲ ကင်းတော်ရွာက ငါန်းဇွန်ပကဖစခန်း ဝင်စီးခံရတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက ဆိုပါတယ်။ 

 

“စခန်းက ငါန်းဇွန်နဲ့ မြစ်ပဲခြားတာ။ စစ်တပ်က သင်္ဘောကို ခပ်လှမ်းလှမ်းမှာ ကမ်းကပ်ပြီး တခါတည်း စစ်ကြောင်းထိုး စီးလိုက်ပုံရတယ်။ အဲ့နေရာက ကင်းကို အပြည့်ဝမချနိုင်ရင် အဆင်မပြေတဲ့နေရာ။ စကစက ရဲဘော်အကုန်လုံးကို ပစ်သတ်ပြီးမှ တဲပေါ်ကိုတင်ထားတာ။ ခေါင်းပစ်ခံရတဲ့သူတွေက အရှင်မိတာ။ ကျန်တဲ့သူတွေက သူတို့(စကစ) အဝေးက ပစ်ထားတာတွေ” လို့  27 Revolutionအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

 

ကင်းတော်စခန်းစီးနင်းခံရလို့ ငါန်းဇွန်ပကဖ ရဲဘော် ၁၂ယောက်သေဆုံးကာ လက်နက်ငယ် ၁၂ လက်၊ ၄၀ မမ ဆုံလည်ဗုံးပစ်လောင်ချာ ၁ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး၊ ၄၀ မမ ဗုံးသီး အလုံး ၂၀၀ ဝန်းကျင် အပါအဝင် ကျည်ဆံခဲယမ်းအများအပြားဆုံးရှုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 

 

ဧရာဝတီမြစ်ကမ်းတလျှောက်က PDF စခန်းတွေ ဝင်ရောက်စီးနင်းခံရတာနဲ့ပတ်သက်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက လုံခြုံရေးကင်းချထားဖို့နဲ့ သတင်းအချက်အလက်ရရှိမှု နောက်ကျသွားတဲ့ အားနည်းချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ 

 

မြောင်မြို့နယ်၊ ပရိမ္မရွာတွင် ကျဆုံးခဲ့သည့် MSPDF မှ ရဲဘော် (ဇွန်-၂၆)

 

“စိတ်မကောင်းစရာတခုက CDM လုပ်ထားတဲ့သူတွေကလည်း ပူးပေါင်းပြီးတော့ သပ်လျှိုသွားတယ်လို့ ဖြစ်စဉ် တခုမှာ သိရတယ်။ ဒါတွေက တော်လှန်ရေးတပ်ဖွဲ့တွေ ဆင်ခြင်ရမယ့်အရာတွေပဲ။ သူတို့ဘက်က ပုံစံပြောင်း တိုက်ခိုက်မှုလေးတွေ လုပ်လာတယ်။ ကျနော်တို့ဘက်က သူတို့ကို သေချာစောင့်ကြည့်ပြီးတော့ စနစ်တကျ ဘယ်လိုတန်ပြန်ရမယ်ဆိုတာ ကျနော်တို့ လုပ်ဖို့လိုလာပြီ” လို့ ကိုသက်ကြီးက တိုက်တွန်းပြောဆိုပါတယ်။ 

 

မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အထူးသတိရှိကြဖို့ကို သူက ဆက်လက် အကြံပြုပါတယ်။ 

 

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တိုက်ခိုက်ရေးသင်တန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို နှစ်ချီ၊ လချီပြီးသင်ကြားခဲ့ရတာမဟုတ်ဘဲ ရက်တိုသင်တန်းလောက်သာ တက်ခဲ့ရတာဖြစ်လို့ ဘယ်လိုဗျူဟာတွေကို သုံးရမယ်ဆိုတာ စစ်ကောင်စီက ပိုသိတဲ့အတွက် ရန်သူကို အထင်သေးလို့ မရဘူးလို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ဗိုလ်စံသျှားက ဆိုပါတယ်။ 

 

“အခုနောက်ပိုင်းမှာ စစ်**တွေအနေနဲ့ ဗျူဟာပြောင်းလာတယ်။ သူတို့ပြောင်းတဲ့ပေါ်မှာ ကိုယ်တွေလည်း လိုက်ပြောင်းပေးရမယ်။ ကျတော်တို့ ဘယ်လိုကာကွယ်မလဲ၊ ခုခံမလဲဆိုတာကို သေချာပြန်စိစစ်သင့်တယ်” လို့ သူက အကြံပြုပါတယ်။  

 

တော်လှန်ရေးကာလကြာရှည်လာတဲ့အခါ တချို့ဟာ စစ်ကောင်စီဘက်ကို ပြန်ထွက်ပြေးသွားတာမျိုးတွေရှိနေတဲ့အတွက် သတင်းပေါက်ကြားတာ၊ စည်းပေါက်တာတွေကိုလည်း သတိထားဖို့လိုတယ်လို့ ဗိုလ်စံသျှားက ဆိုပါတယ်။

 

မြောင်မြို့နယ်၊ ပရိမ္မရွာတွင် ကျဆုံးခဲ့သည့် MSPDF မှ ရဲဘော် (ဇွန်-၂၆)

 

“အခုဖြစ်သွားတဲ့ကိစ္စတွေဟာ ကျတော်တို့အတွက် ဝမ်းနည်းစရာကောင်းတယ်။ စစ်** ၁၀၀နဲ့ ကျတော်တို့တယောက် မလဲနိုင်ဘူး။ စစ်** ၁၀၀ သေရင်သေ ကျတော်တို့တယောက်တော့ မပေးနိုင်ဘူး” လို့ သူက မှတ်ချက်ပြုပါတယ်။ 

 

အညာဒေသမှာ သေနတ်တလက်ရဖို့အတွက် အင်မတန်ခဲယဉ်းတဲ့အခြေအနေမှာ အခုလို စခန်းသိမ်းခံလိုက်ရတာ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးလိုက်ရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။  

 

“သေနတ်တွေအများကြီး ပါသွားကြတယ်၊ ဒါတွေဟာ တော်တော်လေးလည်း စိတ်မကောင်းစရာဖြစ်တယ်၊ ဝမ်းလည်းဝမ်းနည်းရတယ်” လို့ သူက ဆိုပါတယ်။  

 

တော်လှန်ရေးရေချိန်မြင့်လာပြီဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအားလုံး အထူးဂရုစိုက်နေထိုင်ကြပြီး ဒလန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အပြောအဆို၊ အနေအထိုင်၊ အသွားအလာ ပိပိရိရိနဲ့ စနစ်တကျလုပ်ရမယ်လို့ ကိုသက်ကြီးက တိုက်တွန်းပါတယ်။ 

 

“စစ်ကြောင်းတွေ ဝင်လာပြီဆိုရင် ပြည်သူကလည်း သတင်းလိုတယ်။ တော်လှန်ရေးအဖွဲ့တွေကလည်း သတင်းလိုတယ်၊ တနေရာနဲ့တနေရာ အချိတ်အဆက်မိမိလေးနဲ့ပေါ့နော်။ စိတ်ဝမ်းမကွဲကြဘဲနဲ့။ အချိတ်အဆက် မိမိလေးနဲ့ သူ့ဒေသကိုဝင်တယ်၊ ငါ့ဒေသကိုဝင်တယ်ဆိုတဲ့ စိတ်မျိုး မမွေးကြဘဲနဲ့ အဆက်အသွယ်မိမိလေးနဲ့ တဦးကို တဦး၊ တရွာကို တရွာ၊ တမြို့ကို တမြို့ကာကွယ်နိုင်အောင် အချိတ်အဆက်မိမိလေး ဆောင်ရွက်ပြီးတော့ သတင်းဦးလို့ရှိရင်တော့ ပြည်သူတွေလည်း ကြိုတင်ရှောင်တိမ်းနိုင်တာပေါ့။ ဒီလိုဆိုရင်တော့ အန္တရာယ် အကင်းဆုံးဖြစ်ပါလိမ့်မယ်” လို့ သူက အကြံပြုပါတယ်။

 

စမွန်းရွာ စီးနင်းခံရမှုတွင် သိမ်းဆည်းခံလိုက်ရသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ (ဇွန်-၂၉)

 

မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ဗိုလ်စံသျှားကတော့ ရှေ့လျှောက်ပြီး ရန်သူစစ်ကောင်စီဟာ ဗျူဟာပြောင်းပြီး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ဘယ်လိုကာကွယ်ရမယ်၊ သင့်တော်တဲ့နေရာကို ဘယ်လိုပြောင်း ရွေ့ရမယ်ဆိုတဲ့ အစီအစဉ် သုံး၊ လေးခုကို ကြိုတင်ချထားသင့်တယ်လို့ ဆိုပါတယ်။ 

 

“ပလန် အေ၊ ဘီ၊ စီ ဆိုတာရှိရမယ်။ ကျွန်တော်တို့မှာ ပလန်အေမှာ ဒါဖြစ်ပြီဆို ပလန်ဘီအတွက်နေရာ ရယ်ဒီ(အသင့်) ထားရမယ်။ ပလန်စီအတွက် ရယ်ဒီထားရမယ်။ အဲလိုမျိုးလေးတွေ လုပ်သွားပြီးတော့ ပလန်ချပြီးတော့ လုပ်ရင်ပေါ့ ပိုကောင်းမယ်” လို့ ဗိုလ်စံသျှားက ပြောပါတယ်။ 

 

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတော့ PDF ရဲဘော်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖွဲ့စည်းထားပုံတွေ၊ လှုပ်ရှားသွားတာပုံတွေ၊ စစ်ရေးနဲ့ တိုက်ပွဲအကြောင်းတွေကို အခုထက် ပိုပြီးလေ့လာသင့်တယ်လို့ အကြံပြုပါတယ်။

 

“ကျနော်တို့က ရန်သူကို လေ့လာဖို့အားနည်းနေသေးတယ်။ ရန်သူကို ဒီထက်ပိုပြီးလေ့လာရမယ်။ ပြီးတော့ စစ်ရေးနဲ့တိုက်ပွဲတွေအကြောင်း ပိုပြီးလေ့လာရမယ်။ ဒီဟာတွေကို အားထုတ်ဖို့လိုမယ်” လို့ သူကဆက်ပြော ပါတယ်။  

 

ဇွန်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အခုလိုကျဆုံးခဲ့တာဟာ စိတ်ဓာတ်ကျစရာ မဟုတ်သလို စစ်ရဲ့သဘောအရ အထိုက်အလျောက်ဖြစ်တတ်တဲ့သဘောမျှသာဖြစ်တယ်လို့ ကိုသက်ကြီးက ဆိုပါတယ်။ အခုလိုကိစ္စဟာ နေရာတိုင်းမှာ ဖြစ်သွားတာ မဟုတ်သလို စစ်ကောင်စီအနေနဲ့လည်း အနိုင်ရသွားတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ 

 

“ကျနော်တို့ဘက်က ကျဆုံးမှုတွေရှိသလို အောင်မြင်မှုတွေလည်း အများကြီးတွေ့နေရတာပါ။ စစ်ပွဲတပွဲရဲ့ သဘောတရားအရတော့ ပေးဆပ်မှုကတော့ ရှိမှာပေါ့။ အားနည်းတဲ့နေရာကတော့ ပေးဆပ်လိုက်ရမှာပဲလေ။ အားလျော့စရာမဟုတ်ပါဘူး။ လုပ်နိုင်တဲ့အဖွဲ့၊ လုပ်မယ့်အဖွဲ့တွေက ဆက်လုပ်သွားပါလိမ့်မယ်” လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ မှ ကိုသက်ကြီးက မှတ်ချက်ပြုပါတယ်။ 

 

#မြေလတ်အသံ 

#သတင်းဆောင်းပါး #စစ်ကောင်စီ #ဗျူဟာပြောင်း #PDF #ကျဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10