စစ်ကောင်စီက မုံရွာမြို့ပေါ်ရပ်ကွက်တွေနဲ့ စက်ရုံတချို့မှာ လူစာရင်းကောက်ယူနေ

စစ်ကောင်စီက မုံရွာမြို့ပေါ်ရပ်ကွက်တွေနဲ့ စက်ရုံတချို့မှာ လူစာရင်းကောက်ယူနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရပ်ကွက်တွေနဲ့ စက်ရုံတချို့မှာ စစ်ကောင်စီက အိမ်ထောင်စုစာရင်းနဲ့ လူစာရင်းကောက်ယူတာတွေကို ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်မှာ သလ္လာ၀တီရပ်ကွက်၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ ရုံးကြီးရပ်ကွက်၊ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဘုရားကြီးရပ်ကွက်၊ ဖေဖော်ဝါရီ ၁၆ရက် ဒီကနေ့မှာတော့ အေးသာယာရပ်ကွက်တို့မှာ အိမ်ထောင်စုစာရင်း ကောက်ယူနေပြီး စက်ရုံတချို့မှာလည်း အလုပ်သမားစာရင်းတွေ ကောက်ယူနေတယ်လို့  ဆိုပါတယ်။

“အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲ၊ အိမ်ထောင်ဦးစီးဘယ်သူလဲ မေးတယ်။ ဘာလုပ်ဖို့စစ်တာလဲ မေးကြည့်တော့ မှတ်ပုံတင်လုပ်ပေးမလို့ဆိုလား၊ အိမ်နံပါတ်လုပ်ပေးမလို့ဆိုလား ဖြေသွားတယ်၊ တချို့စက်ရုံ အလုပ်ရုံတွေမှာတော့ အလုပ်သမားတွေရဲ့ နာမည်နဲ့ နေရပ်တွေ စစ်တမ်းကောက်သွားတယ်”လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

စစ်တမ်းကောက်တဲ့ စက်ရုံအလုပ်ရုံ အမည်တွေကိုတော့ လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိပါဘူး။ 

ရပ်ကွက်တွေကို စာရင်းလိုက်ကောက်ချိန် လဝကဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲဝန်ထမ်းတွေ ပါဝင်ပါတယ်။ 

ဒါ့အပြင် မြို့ခံလူငယ်တွေလည်း ညဘက်ဝင်ရောက်ဖမ်းဆီးမှာကို ကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။ 

“ကျတော်တို့ဆိုလည်း ညဘက်ခွေးဟောင်သံကြားရင် လန့်နေရတာ၊ ကိုယ့်များ လာဖမ်းတာလားလို့၊ ဘယ်လိုနေလို့နေရမှန်းကို မသိဘူး။”လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ အတည်ပြုပြဌာန်းလိုက်ပြီးနောက် မုံရွာမြို့ပေါ်ကို နယ်ကဈေးဝယ်ကားတွေ အလာနည်းသွားတဲ့အတွက် မုံရွာဒေသခံဈေးသည်တွေနဲ့ ကုန်သည်တွေလည်း အရောင်းအဝယ်ပါးပြီး အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“မုံရွာက နယ်မြို့ဆိုတော့ နယ်ကကားတွေလာပြီး ဈေးဝယ်၊ ဈေးရောင်းလုပ်ကြတယ်၊ နယ်ကကားတွေ မလာဘူးဆို ကျနော်တို့မြို့က ခြောက်ကပ်လို့၊ ဒီဥပဒေမထွက်ခင်က တနေ့ကို နယ်ကား ၄၊ ၅ စီးလာရင် ခု ၁ စီးပဲ လာတော့တယ်၊ ဈေးသည်တွေ အခက်တွေ့တာပေါ့။”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီအဖွဲ့တွေဟာ မြို့နယ်တချို့မှာ အိမ်ထောင်စု စာရင်းနဲ့ လူစာရင်းကောက်ယူမှုတွေ ပြုလုပ်လာတာဖြစ်ပြီး မန္တလေးမြို့မှာလည်း ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #လူစာရင်းကောက် #စစ်မှုမထမ်းမနေရဥပဒေ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10