စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်လျှပ်စစ်ရုံး စီးနင်းခံရလို့  ၂ ဦးသေ၊ သေနတ် ၁ လက်ရ

စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်လျှပ်စစ်ရုံး စီးနင်းခံရလို့  ၂ ဦးသေ၊ သေနတ် ၁ လက်ရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်က စစ်ကောင်စီအထိုင်ချထားတဲ့ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။ 

စက်တင်ဘာလ ၅ ရက် မနေ့ညနေ ၄ နာရီခွဲက စစ်သားနဲ့ ပျူစောထီး ၂၀ ဝန်းကျင်လောက် အခိုင်မာ တပ်စွဲထားတဲ့နေရာကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ၂ နာရီကျော် အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ ရုံးထဲထိ ဝင်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စက်ရုံနားကို အနီးကပ် ကပ်ပြီဆိုတဲ့ အချိန်မှာကျတော့ စစ်သားတွေက ထွက်ပြေးသွားပြီး ပျူစောထီးတွေပဲ ချန်ခဲ့တယ်။ အံ့ဩစရာကောင်းတာက စစ်ကူလာတာမျိုး လုံးဝမတွေ့ရဘူး။ အသေခံခိုင်းတဲ့ သဘောလည်းတွေ့ရတယ်။ နောက်ပြီး စကစက ပျူတွေကို ထိုးကျွေးတဲ့ပုံစံမျိုးလည်း တွေ့ရတယ်။လို့ မင်းကင်းတပ်ရင်း ၁၁ မှ ကိုကျားက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေကာ ကာဘိုင်တလက်၊ ကျည်ဘောက် ၅ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၃၂၆ တောင့်၊ ကာဘိုက်ကျည် ၃၃၉ တောင့်၊ ငွေ ၆ သိန်းကျော်၊ ဆိုင်ကယ် ၄ စီးနဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းနိုင်ခဲ့ပြီး ရုံးအတွင်းက စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေကို ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

 တိုက်ပွဲဖြစ်ပွားပြီးနောက် ၁ နာရီအကြာမှာတော့ အဆိုပါရုံးကို စစ်ကောင်စီတပ်သားတွေ ပြန်ရောက်လာကာ ရှင်းလင်းရေးလုပ်နေပြီး ဒီကနေ့မှာတော့ ပြည်သူတွေကို အိမ်ထဲမှာ နေခိုင်းကာ လမ်းမပေါ်မှာ သေနတ်ပစ် ဖောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးဟာ မင်းကင်းမြို့ဧရိယာထဲမှာပဲပါဝင်ကာ မြို့ပေါ်ကို ဓာတ်အားပေးတာမျိုး မရှိတော့တာ တနှစ်ကျော်ပြီဖြစ်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေသာ အထိုင်စခန်းလုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်း-၁၁ (မင်းကင်း)၊ မင်းကင်းမြို့နယ် ပကဖ၊ ကျောင်းသားတော်လှန် ရေးတပ်ဖွဲ့ SRF၊ တိမ်လွှာဒေါင်းမင်း ပကဖ၊ Wolf Fighter၊ LDF စတဲ့အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ရက်နေ့ကလည်း မင်းကင်းမြို့နယ်၊ ကံရွာ ဒေသအခေါ် ပျူစောထီးရွာကို ကာကွယ်ရေး အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၇ဦးသေကာ သေနတ် ၄လက်နဲ့ ပစ္စည်းတချို့ သိမ်းဆည်းရ မိခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မင်းကင်းမြို့ #စစ်ကောင်စီ #မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံး #စခန်းသိမ်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10