စစ်ကောင်စီတပ်သား မင်္ဂလာဆောင်ကို PDF တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်ကို PDF တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ သီလုံးကျေးရွာမှာ ကျင်းပနေတဲ့ စစ်ကောင်စီတပ်သားတဦးရဲ့ မင်္ဂလာပွဲကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၈ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်းတပ်ဖွဲ့ဆီက သိရပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ မင်္ဂလာပွဲပျက်သွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေက အခုလို ဒရုန်းနဲ့ လာပစ်တာဟာ ရွာခံတွေက သတင်းပေးတယ်လို့ စွပ်စွဲပြီး ရွာသားတွေကို ဆဲဆိုကြိမ်းမောင်းတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အဲဒီနေ့ ညမှာပဲ စစ်ကောင်စီတပ်သားတွေဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ ရွာထဲကို ဝင်ရောက်စီးနင်းမှာ စိုးရိမ်တဲ့အတွက် လူစုထားပြီး သောက်စားနေတဲ့အချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ည ၇ နာရီကျော်လောက်မှာ လက်လုပ် ၆၀ မမ နဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက ပြောပါတယ်။

“ရဲ**မင်္ဂလာဆောင်ရှိလို့ ကျနော်တို့ မဟာမိတ် Drone အဖွဲ့တွေကိုခေါ်ပြီး Drone ချခဲ့တယ်။ အဲ့ထဲမှာ ပြည်သူ့စစ် ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သတင်းကြားတယ်။ ညဘက်ပစ်ခတ်မှုကြောင့် သေဆုံးမှုကိုတော့ လောလောဆယ် ရွာနားကပ်မရသေးတဲ့အတွက် မသိရသေးဘူး” လို့  သူက ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မိချောင်းတပ်ဖွဲ့နဲ့အတူ ပူးပေါင်းတပ်ဖွဲ့ ၁၆ ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် သီလုံးကျေးရွာ ပျူစောထီးတွေက ပန်းရံကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ မြင်းချင်းကျေးရွာနဲ့ ကဒေါင်းကြီးကျေးရွာ ပျူစောထီးတွေကိုခေါ်ပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ လည်း သိရပါတယ်။

ပုံစာ - မေ ၃၀ ရက်က သီလုံးရွာကို ဒရုန်းနဲ့သွားရောက်ပစ်ခတ်ခဲ့ပုံ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #သီလုံးကျေးရွာ #စစ်ကောင်စီ #မင်္ဂလာပွဲ #ဒရုန်း #ဗုံးကြဲ #ဗိုလ်မိကျောင်းတပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10