စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ရဲချုပ်နဲ့ အကျဉ်းဦးစီးညွှန်ချုပ်နေရာတွေ အပြောင်းအလဲလုပ်

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ရဲချုပ်နဲ့ အကျဉ်းဦးစီးညွှန်ချုပ်နေရာတွေ အပြောင်းအလဲလုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်(တသခ) တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို တဆင့်တိုးရရှိပြီး စစ်ကောင်စီလက်အောက်ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနဲ့ ရဲချုပ်နေရာကို ရောက်ရှိလာပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ဆင်း ဗိုလ်ချုပ် နီလင်းအောင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တြိဂံဒေသတိုင်းမှူးတာဝန်ယူခဲ့စဉ်က သူ့လက်အောက် စစ်ဦးစီးမှူး(ပထမတန်း)(စစ်ဆင်ရေး G1) အဖြစ် လက်တွဲလုပ်ကိုင်ခဲ့သူဖြစ်ကာ မင်းအောင်လှိုင်ရဲ့ယုံကြည်စိတ်ချရသူတဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေထဲမှာ အသက်အငယ်ဆုံးဖြစ်လာတာပါ။

“ နီလင်းအောင်က မင်းအောင်လှိုင်က သေဆိုသေ၊ရှင်ဆိုရှင် ဆိုတဲ့ကောင်မျိုးပေါ့။ သူ(မင်းအောင်လှိုင်) တိုင်းမှူး ဘဝထဲက သူ့Staff အဖြစ်နဲ့တွဲလာတာ။ သူ့တပည့်ဆိုတော့  တိုင်းမှူးအထိလည်း သူပဲ ဆွဲတင်လာတာ” လို့ တပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ယခင် ပြည်ထဲရေးဒုဝန်ကြီးနဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်ကိုတော့ နယ်ဘက်ဝန်ကြီးဌာန အားကစားနဲ့လူငယ်ရေးရာ ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့ စစ်တပ်သတင်းထုတ်ပြန်ရေးတယ်လီဂရမ် News Of Myanmar မှာ ဖော်ပြပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်မှာပဲ ပြည်ထဲရေးဝန်ကြီးဌာနအောက် ဦးစီးဌာနတခုဖြစ်တဲ့ အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် နေရာကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမျိုးဆွေ ဆိုသူကို ပြောင်းရွှေ့တာဝန်ချထားတယ်လို့ စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ပြောင်းရွှေ့လာတဲ့ ဦးမျိုးဆွေ ဆိုသူဟာ စစ်ကောင်စီတပ်ရဲ့ ရှမ်းပြည်(တောင်ပိုင်း) ၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၃) မှာ ကျောင်းအုပ်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် မျိုးဆွေ ဖြစ်တယ်လို့ မြေလတ်အသံက စုံစမ်းသိရှိထားပါတယ်။

ဗိုလ်မှူးချုပ် မျိုးဆွေ ဟာ အလုပ်သင်ဗိုလ်အမှတ်စဉ် ၁၇ ဆင်း ဖြစ်ပြီး မင်းအောင်လှိုင် ယုံကြည်ရသူ စီနီယာဗိုလ်ချုပ်တဦး ဖြစ်တယ်လို့ သိရပါတယ်။

“ လေ့ကျင့်ရေးကျောင်းနဲ့ ထောင်နဲ့က သိပ်မထူးဘူးလေ။ စစ်တပ်သင်တန်းသားကလည်း ထောင်သားတွေလိုပဲ  နေထိုင်ရတာ။ အဲ့တာကြောင့် လေ့ကျင့်ရေးကျောင်းအုပ်ကြီးကို ပို့တာနေမှာ” လို့ CDM တပ်မတော်သားအရာရှိတဦးက ပြောပါတယ်။

ယခင် အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဗိုလ်ချုပ်ကြီး ရာပြည့် အဖွဲ့ဝင် ၃ ဦးတွေ့ဆုံမှု သတင်းပေါက်ကြားမှု၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြင်ခေါ်ထုတ်သတ်ဖြတ်မှု စတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရာထူးကနေဖြုတ်ချခံလိုက်ရတာဖြစ်ပြီး သူ့ရဲ့နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဒုတိယဝန်ကြီးနဲ့ရဲချုပ်နေရာကို တတိယအကြိမ်ပြောင်းလဲခဲ့တာပါ။  ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ဖြုတ်ချခံရပြီးနောက် ယခင်တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က အဲ့ဒီတာဝန်ယူခဲ့တာကနေ ၁ နှစ်ကျော်အကြာမှာ ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ထပ်မံအစားထိုးခန့်အပ်ခဲ့တာဖြစ်ပြီးတော့ လက်ရှိပြည်ထဲရေးဝန်ကြီးကတော့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ဖြစ်ပါတယ်။

ပုံစာ - မိုင်းဖုန်းဆရာတော်ကြီးနှင့်တွဲဖက်မြင်တွေ့ရသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်။

#မြေလတ်အသံ

#စစ်ကောင်စီ #ပြည်ထဲရေး #ရဲချုပ် #အကျဉ်းဦးစီး #ပြောင်းလဲခန့်အပ် #ဒုဗိုလ်ချုပ်ကြီး #နီလင်းအောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10