စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ရှေ့ မူးပြီးရန်ဖြစ်တဲ့ လူငယ်တချို့ကို စစ်တပ်က သေနတ်ပစ်ဖောက်ဖမ်းဆီး

စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ရှေ့ မူးပြီးရန်ဖြစ်တဲ့ လူငယ်တချို့ကို စစ်တပ်က သေနတ်ပစ်ဖောက်ဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ အဝိုင်းကြီး ၁ လမ်း မီးသတ်ရုံဘေးမှာရှိတဲ့ စစ်ကောင်စီဗဟိုမဏ္ဍပ်အရှေ့မှာ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ ညနေပိုင်းက မူးပြီးရန်ဖြစ်တဲ့ လူငယ်တချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
 
မဏ္ဍပ်အရှေ့မှာ ခုန်ပေါက် ကနေသူတွေအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ပွဲကို တားမြစ်လို့မရလို့ မဏ္ဍပ်စောင့်စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက်ကာ ရန်ဖြစ်ရာမှာ ပါဝင်တဲ့ လူငယ် ၄ ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။
 
“ဘောမမင်းထက်ဆိုတဲ့ကောင် သီချင်းတက်ဆိုနေတဲ့အချိန် အောက်မှာကနေတဲ့ကောင်တွေက ကနေရင်း ထိခိုက်မိလို့ထင်တယ်၊ ရန်ထဖြစ်တာ။ စစ်သားတွေက ပထမသေနတ်တချက် ပစ်ဖောက်ပြီးတားတာ တားမရဘူး။‌ နောက်တချက်ဖောက်ပြီး ရန်ဖြစ်တဲ့ကောင်တွေကိုဖမ်းသွားတယ်။ အောက်မှာကနေတာလည်း သူတို့လူ မြို့ထဲကဘောမတွေ များပါတယ်” လို့ ပြောပါတယ်။
 
ရန်ဖြစ်သူတွေကို သေနတ်ပစ်ဖောက်ဖမ်းဆီးသွားပေမယ့် ပွဲပျက်သွားတာမျိုးတော့မရှိဘဲ မဏ္ဍပ်ရှေ့မှာဆက်လက်ကနေကြပြီး ဖမ်းဆီးခံရသူတွေရဲ့အခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။
 
လက်ပံတန်းမှာ ဧပြီလ ၁၃ ရက် အကြိုနေ့မနက်အစောပိုင်းက အဲ့ဒီစစ်ကောင်စီသင်္ကြန်မဏ္ဍပ်နဲ့ ရဲစခန်း ဂိတ်တို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။
 
ဒါ့အပြင် ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနေ့ညနေပိုင်းမှာလည်း လက်ပံတန်းစစ်ကောင်စီမဏ္ဍပ်မှာ စစ်တပ်ထောက်ခံတဲ့ အဆိုတော် ထက်ထက် ဆိုသူအမျိုးသမီး သီချင်းဆိုနေချိန် စင်အောက်မှာ ကနေသူတချို့ ထပ်မံခိုက်ရန်ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
 
ပုံစာ - သင်္ကြန်အကျနေ့ လက်ပံတန်းစစ်ကောင်စီမဏ္ဍပ်ကို တွေ့ရစဉ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10